မဲခေါင်၊ ဧပြီ ၁၁
လာမည့် သီတင်းပတ်များတွင် လေကြောင်းရန် ကာကွယ်ရေးစနစ်သစ်များကို အီရန်သို့ ပေးပို့ရန် တရုတ်က ပြင်ဆင်နေကြောင်း အမေရိကန် ထောက်လှမ်းရေးသတင်းများက ပြသနေသည်ဟု ထောက်လှမ်းရေးသတင်း သုံး သပ်မှုများနှင့် အကျွမ်းတဝင်ရှိသော သတင်းရင်းမြစ် ၃ ဦးကို ကိုးကား၍ CNN သတင်းက ဖော်ပြသည်။
ယခုသီတင်းပတ် အစောပိုင်းတွင် အမေရိကန်နှင့် အီရန်တို့ကြား ရရှိခဲ့သော ထိရှလွယ်သည့် အပစ်ရပ်စဲမှုကို ၎င်းတို့ ကူညီညှိနှိုင်းပေးခဲ့သည်ဟု ပေကျင်းက ပြောကြားခဲ့သည်ကို ထောက်ရှုပါက ယင်းမှာ လှုံ့ဆော်ရန်စသော လုပ်ရပ်ဖြစ်ကြောင်း သတင်းက ဆိုသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးရန် တရုတ်သို့ မေလဆန်းတွင် သွားရောက်ရန် စီစဥ်ထားသည်။
အရေးပါသော နိုင်ငံခြားမိတ်ဖက်များ၏ အကူအညီဖြင့် အချို့သော လက်နက်စနစ်များကို ပြန်လည်ဖြည့်တင်းရန် အီရန်က အပစ်ရပ်ကာလကို အသုံးချနေသည်ဆိုခြင်းကိုလည်း ထောက် လှမ်းရေးသတင်းက ပြသနေ သည်။
လက်နက်တင်ပို့မှုများ၏ မူလရင်းမြစ်ကို ဖုံးကွယ်ရန် ၎င်းလက်နက်များကို တတိယနိုင်ငံများမှ တစ်ဆင့် တင်ပို့ရန် ပေကျင်းက လုပ်ဆောင်နေသည့် အရိပ်အယောင်များ တွေ့ရသည်ဟုလည်း သတင်းရင်းမြစ်၂ ဦးက ပြောသည်။
ပေကျင်းက အီရန်သို့တင်ပို့ရန် လုပ်ဆောင်နေသည့် စနစ်များမှာ MANPADs ဟု သိရှိကြသော ပုခုံးထမ်း လေကြောင်းရန် ကာကွယ်ရေးစနစ်များ ဖြစ်ကာ ယင်းစနစ်များသည် အီရန်နှင့် သီတင်း ၅ ပတ်ကြာ တိုက်ခိုက်မှုများ၌ ခပ်နိမ့်နိမ့်ပျံသန်းသော အမေရိကန်လေယာဥ်များအတွက် ခြားနားသော ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်ကာ အပစ်ရပ် ပြိုလဲခဲ့လျှင်လည်း ထပ်မံ၍ ဒုက္ခပေးနိုင်သည်။
ယင်းပဋိပက္ခတွင် တရုတ်က မည်သည့်ဘက်သို့မျှ လက်နက်များ ထောက်ပံ့ခဲ့ခြင်း မရှိကြာင်းနှင့် သတင်းမှာလည်း မှန်ကန်မှု မရှိကြောင်း၊ အခြေအမြစ်မရှိသော စွပ်စွဲမှုများ မလုပ်ရန်အမေရိကန်ဘက်ကိုလည်း တိုက်တွန်းကြောင်း ဝါရှင်တန်မြို့ တရုတ်သံရုံးမှ ပြောခွင့်ရသူက ဆိုသည်။
အေးကျော်
Ref: CNN
#MeKongNews
#အီရန်
#လက်နက်များ
#တရုတ်
#အမေရိကန်








