မဲခေါင်၊ ဧပြီ ၅
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ရှိ ဟိုတယ် 68 အနီး ကျားဖြန့်ရုံတွင် လူသတ်၊ အလောင်းဖျောက် မှုဖြစ်ပွားသဖြင့် သက်ဆိုင်ရာက ဝင်ရောက် ဖမ်းဆီးမှုယမန်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ ဧပြီ ၄ ရက် ညနေပိုင်းတွင် မူဆယ်မြို့၊ ကောင်းမူတုံရပ်ကွက်၊ မြို့ရှောင်လမ်းရှိ ဟိုတယ် 68 အနီးရှိ အခင်းဖြစ်ရာ ကျားဖြန့်ရုံသို့ စစ်ကောင်စီတပ်၊ ရဲနှင့် ပြည်သူ့စစ်များက လာရောက် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“တရုတ်တစ်ယောက် အသတ်ခံရပြီး အလောင်းဖျောက်တာကနေ ပေါ်လို့ ကျားဖြန့်ရုံ ဝင်ဖမ်းတာမနေ့က။ သတ်ခံရတာ ကျားဖြန့်လုပ်သား တရုတ်နိုင်ငံသားလို့ ပြောတယ်”ဟု သတင်းရင်းမြစ်က မဲခေါင်သို့ ပြောသည်။
ထို့ပြင် ဖမ်းဆီးခံရသူ များပြားပြီး သဲကျောက်တင်(တေပါ)ကားဖြင့်ပါ တင်ဆောင် ဖမ်းဆီးသွားသည်ကို တွေ့ရကြောင်း၊ အဖမ်းခံရသူများတွင် ရန်ကုန်၊ မန္တလေးဘက်မှ မြန်မာ၊ တရုတ်များပါ ပါဝင်သည်ဟု ဟိုနားရပ်ကွက် နေသူတစ်ဦးကလည်း ဆိုသည်။
“ကျားဖြန့်လုပ်တဲ့ ပစ္စည်းတွေရော အများကြီးပဲ။ ဖမ်းခံရတာ လူတစ်ရာလောက် ရှိနိုင်တယ်၊ တရုတ်နိုင်ငံသား ကျားဖြန့်လုပ်သားကို ညှဥ်းပန်းနှိပ်စက်ပြီးမှ သတ်ပြီး အလောင်းဖျောက် စွန့်ပစ်တာကနေ မိတာလို့ သိရတယ်။ အသေးစိတ်တော့ မသိရဘူး”၎င်းက ပြောသည်။
ပြီးခဲ့သည့် မတ်၂၁ ရက်ကလည်း မူဆယ်မြို့ပေါ်ရှိမင်္ဂလာမူဆယ်၊ တော်ရွက်၊ ကောင်းမူးလွယ်ရပ်ကွက်များရှိ ကျားဖြန့်လုပ်ငန်းများကို.သတင်းအရ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဝင်ရောက် စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၈၅ ဦးနှင့်အတူ အွန်လိုင်းလိမ်လည်မှု ကျူးလွန်ရာတွင် အသုံးပြုသည့်ဖုန်းမျိုးစုံ ၂၈၆ လုံး၊ ကွန်ပျူတာအလုံး ၃၀ နှင့် လက်ပ်တော့၂၈ လုံးတို့ကို သိမ်းဆည်းမိခဲ့သေးသည်။
#MeKongNews
#မူဆယ်
#ကျားဖြန့်ရုံ
#လူသတ်
#အလောင်းဖျောက်








