မဲခေါင်၊ ဧပြီ ၂
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှ “ဝ” ဒေသ၊ ပန်ဆန်းသို့ KTV တွင် အလုပ်လုပ်ရန်ဟု လိမ်ညာပြီးအမျိုးသမီးတစ်ဦးကို ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေပြီး ရရှိသောငွေကြေးအား ခေါင်းပုံဖြတ် ရယူသူကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခဲ့ကြောင်း ရဲသတင်းရင်းမြစ်အရအရ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးကို တစ်ရပ်ကွက်တည်းနေ မသီတာမိုး (ခ) ချယ်ရီ မှ ကျိုင်းတုံမြို့ရှိ KTV ဆိုင်တွင် အလုပ်ရှိကြောင်း၊ တစ်လလျှင် ငွေကျပ်သိန်း ၃၀ ခန့်ရရှိမည်၊ လုပ်ကိုင်လိုပါကသွားရောက်မည့်နေ့တွင် လက်ကိုင်ဖုန်း ဝယ်ပေးပြီး ကျိုင်းတုံမြို့သို့ ရောက်သည်အထိ တာဝန်ယူပို့ဆောင်ပေးမည်ဟု စည်းရုံးပြောဆိုသဖြင့် သဘောတူခဲ့သည်ဟု သိရသည်။
ထို့နောက် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်တွင် ကျိုင်းတုံမြို့သို့ သွားရောက်ရမည်ဖြစ်၍ အောင်မင်္ဂလာအဝေးပြေးကားဝင်းသို့ လိုက်ပါပို့ဆောင်ကာ လက်ကိုင်ဖုန်း တစ်လုံးနှင့် ငွေ ၅ သောင်းကျပ်ပေးပြီး ကျိုင်းတုံမြို့သို့ ရောက်လျှင် မသဲအိဖြူဆိုသူထံ ဆက်သွယ်ရန် ဖုန်းနံပါတ်ပေးကာ ကားပေါ်တင်ပေး၍ ပြန်သွားခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့သို့ ရောက်ရှိ၍ မသဲအိဖြူ ကိုင်ဆောင်သည့် ဖုန်းနံပါတ်သို့ ဆက်သွယ်ခဲ့ရာ အငှားကားတစ်စီး လွှတ်ပေးခဲ့ပြီး ၎င်းကားနှင့်လိုက်ခဲ့ရန် ပြောဆိုသဖြင့် လိုက်ပါခဲ့ကြောင်း၊ ၆ နာရီခန့် အကြာတွင် မသဲအိဖြူ နေထိုင်သည့် ပန်ဆန်းမြို့ရှိ တရုတ်များရေးသားထားသည့် “ဖန်ကျွမ်းလိုင်” ဆိုသည့် ဆိုင်သို့ရောက်ရှိခဲ့ပြီး မသဲအိဖြူ ကိုတွေ့ရှိခဲ့သည်ဟု ဆိုသည်။
ထို့နောက် မသဲအိဖြူက ၎င်း၏ မှတ်ပုံတင်အား သိမ်းဆည်းပြီး နောက်နေ့တွင် အမျိုးသားဖောက် သည်များနှင့် ဆက်ဆံရမည်ဟု ပြောဆိုသဖြင့် ပြည့်တန်ဆာအလုပ် မလုပ်နိုင်ကြောင်း၊ ပြန်လိုကြောင်းပြောဆိုခဲ့ရာ ပြန်လိုပါက မသီတာမိုး (ခ) ချယ်ရီကိုထုတ်ပေးထားသည့် ကျပ်သိန်း ၃၀ ပြန်ပေးပါက ပြန်၍ရကြောင်း၊ မပေးနိုင်ပါက ပြည့်တန်ဆာ အလုပ်လုပ်ကိုင်ရမည်၊ ထွက်ပြေးပါက လိုက်၍ အသတ်ခိုင်းမည်ဟု ခြိမ်းခြောက်ပြောဆိုကာ ပြည့်တန်ဆာအလုပ်အား အဓမ္မခိုင်းစေသဖြင့် လုပ်ကိုင်ခဲ့ရသည်ဟု သိရသည်။
ရရှိသည့်ငွေကို တစ်ဝက်ပေးမည်ဟု မသဲအိဖြူကပြောခဲ့သော်လည်း မရရှိခဲ့ကြောင်း၊ ၎င်းက ဆက် လက် မလုပ်ကိုင်လိုတော့၍ ဧည့်သည်အမျိုးသား တစ်ဦးကို အကူအညီတောင်းခံခဲ့ရာမှ ကျိုင်းတုံမြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ထိုမှတစ်ဆင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့ပြီးနောက်အမှုမှ စိစစ်ပေါ်ပေါက်ချက်အရ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေပြီး ရရှိသောငွေကြေး အကျိုးအမြတ်အား ခေါင်းပုံဖြတ်ရယူသူ မသီတာမိုး (ခ) ချယ်ရီအား အင်းစိန်ခရိုင်တရားရုံးက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ဖြင့်ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#MeKongNews
#ပြည့်တန်ဆာ
#အဓမ္မခိုင်း
#ခေါင်းပုံဖြတ်
#ထောင်ဒဏ်
Photo Credit – BBC
မှတ်ချက် – ပုံဟောင်း








