မဲခေါင်၊ မတ် ၃၁
ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာ၍ စားဝတ်နေရေး ကုန်ကျစရိတ်များ ကြီးမြင့်လာခြင်းကို ကာမိစေရန် လောင်စာအပေါ် ကောက်ခံနေသော အခွန်ရာခိုင်နှုန်းကို လျှော့ချရန် ထိုင်းနိုင်ငံက စဉ်းစားနေသော်လည်း အစိုးရဝင်ငွေ လျော့နည်းမှု၊ ရေရှည်ဘဏ္ဍာရေး တည်ငြိမ်မှုများအပေါ် စိုးရိမ်မှုများလည်း ရှိနေသည်။
လောင်စာဈေး မြင့်တက်မှုများက မိသားစုများနှင့် စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုလျော့ပါး သက်သာစေရန် လောင်စာအခွန် လျှော့ချရေး အစီအစဉ်များကို ဩစတြေးလျ နှင့် ဗီယက်နမ်တို့က စတင်အကောင်အထည် ဖော်လာခဲ့ပြီးနောက် ထိုင်းနိုင်ငံတွင်လည်း အလားတူ အဆိုပြုချက် ထွက်ပေါ်လာခဲ့သည်။
လက်လီ ရောင်းချသော ဈေးနှုန်းလျှော့ချရေးနှင့် ရေနံလောင်စာရန်ပုံငွေအပေါ် ဖိအားနည်းသွားစေရန် လောင်စာအပေါ် အခွန်နှုန်းထား လျှော့ချရေးကို လေ့လာရန် ထိုင်းအစိုးရက မတ် ၂၆ ရက်တွင် အထူးအစည်းအဝေးတစ်ရပ် ကျင်းပ၍ ဘဏ္ဍာရေးဝန်ကြီးဌာနကို ညွှန်ကြားခဲ့သည်။
အကောက်ခွန်လျှော့ချရေး ပုံစံအများအပြားကို အကောက်ခွန်ဌာနက ရေးဆွဲထားပြီး ဖြစ်ကာ ဆက်လက် စဉ်းစားနိုင်ရန် မူဝါဒရွေးချယ်စရာများကို တင်သွင်းရန် ပြင်ဆင်နေကြောင်း အရာရှိများက ပြောကြားကြသည်။
လောင်စာအပေါ် အခွန်လျှော့ချခြင်းမှာ နိုင်ငံ့ဝင်ငွေအပေါ် တိုက်ရိုက် သက်ရောက်မှု ရှိမည်ဖြစ်ကာ တစ်လီတာ တစ်ဘတ်လျှော့ချလျှင်ပင် ဒီဇယ်နှင့်ဓာတ်ဆီမှရရှိသည့် အစိုးရဝင်ငွေ တစ်လလျှင် ၂ ဒသမ ၈ ဘီလီယံခန့် လျော့ကျသွားနိုင်ကြောင်း တွက်ချက်ထားသည်။
အခွန်ဝင်ငွေ ဆုံးရှုံးသွားခဲ့ပါက နောက်ပိုင်းတွင် ပြန်လည်ရယူရန် မဖြစ်နိုင်သောကြောင့် လောင်စာအခွန်လျှော့ချခြင်းမှာ ရေရှည်ဘဏ္ဍာရေး တည်ငြိမ်မှုကို ထိခိုက်နိုင်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန သတင်းရင်းမြစ်တစ်ဦးက ပြောကြားသည်။
အေးကျော်
Ref: The Nation
#MeKongNews
#လောင်စာဆီအခွန်
#လျှော့ချ
#ထိုင်းအစိုးရ
#စဉ်းစားနေ








