မဲခေါင်၊ မတ် ၃၁
ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်တွင် တစ်လအတွင်း မူးယစ်ဆေးဝါး သုံးစွဲသူ ၁၁ ဦးကို ဖမ်းဆီးမိခဲ့သည်ဟု ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF/TNLA က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
ယခုမတ်လတွင် နမ့်ခမ်းမြို့နယ်အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး သုံးစွဲသူများတွင် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၈ ဦးတို့ ပါဝင်သည်ဟု TNLA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယင်းမူးယစ်ဆေးဝါး သုံးစွဲသူများကို မတ် ၃ ရက်တွင် ၄ ဦး၊ မတ် ၁၁ ရက်တွင် ၃ ဦး၊ မတ် ၁၅ ရက်တွင် ၁ ဦး နှင့် မတ်လ ၂၃ ရက်တွင် ၃ ဦး ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။
ယခုလအတွင်းမှာပင် TNLA ထိန်းချုပ်ထားသည့် မိုင်းငေါ့မြို့နယ်တွင်လည်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ၂၁ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။
၎င်းတို့ကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ အကျင့်စာရိတ္တ ပြုပြင်ပေးခြင်းနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခြင်းများ ဆောင်ရွက်သွားမည်ဟု ဆိုသည်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ရခြင်းသည် လူမှုအသိုင်းအဝိုင်းအတွင်း လူငယ်များ၏ အနာဂတ်ကို ကာကွယ် ထိန်းသိမ်းနိုင်ရန်နှင့် လူမှုဘဝ လုံခြုံတည်ငြိမ်ရေးကို မြှင့်တင်နိုင်ရန် ဖြစ်သည်ဟု TNLA က ထုတ်ပြန်ချက်တွင်ဆိုသည်။
#MeKongNews
#နမ့်ခမ်း
#မူးယစ်ဆေး
#သုံးစွဲသူ
#TNLA
#ဖမ်းဆီး








