မဲခေါင်၊ မတ် ၂၅
မတ်လ ၁၁ ရက်ကတည်းက ပါရှန်ပင်လယ်ကွေ့တွင် ကျောက်ချ ရပ်နားထားခဲ့ရသော ထိုင်းရေနံတင် သင်္ဘောတစ်စီးသည် မကြာမီရက်ပိုင်းက ဟောမုဇ်ရေလက်ကြားကို ဘေးကင်းစွာ ဖြတ်သန်းနိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံမှ ဘန်ချက်ကော်ပိုရေးရှင်းအများပိုင် ကုမ္ပဏီလိမိတက်က ပြောကြားသည်။
နိုင်ငံခြားဝန်ကြီးဌာန မှတစ်ဆင့် သက်ဆိုင်ရာ အေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် ဆွေးနွေးညှိနှိုင်းမှုများ၊ နိုင်ငံတကာဥပဒေနှင့်အညီ သင်္ဘော ဖြတ်သန်းနိုင်အောင် လုပ်ဆောင်ပေးခဲ့ခြင်းအတွက် ထိုင်းအစိုးရ၊ အီရန်အစိုးရ နှင့် အိုမန်နိုင်ငံတို့အား ကျေးဇူးတင်ကြောင်း ကုမ္ပဏီက ဆက်လက်ပြောသည်။
ယင်းရေနံတင်သင်္ဘောသည် လောလောဆယ်တွင် အိန္ဒိယသမုဒ္ဒရာတွင် ခုတ်မောင်းနေပြီး ဧပြီလဆန်းတွင် ထိုင်းနိုင်ငံသို့ ရေနံစိမ်းများ ပို့ဆောင်ရန် စီစဉ်ထားသည်။
သို့ရာတွင် အခြေအနေကို ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း နှင့် သင်္ဘောကျန်ခရီးစဉ်မှာ ချောမွေ့မည်ဟု မျှော်လင့်ကြောင်း ဘန်ချက်ကုမ္ပဏီက ပြောကြားသည်။
နိုင်ငံအတွက် စွမ်းအင်ထောက်ပံ့ပေးမှု အဆက်မပြတ်စေရန် ဦးစားပေးထားသလို သယ်ယူပို့ဆောင်ရေးတွင် ဘေးကင်းရေးကိုလည်း ဆက်လက်အာရုံစိုက်ထားသည်ဟု ထိုင်းကုမ္ပဏီက ဆက်လက်ပြောသည်။
ထိုင်းရေနံတင်သင်္ဘော ဖြတ်သန်းရန် မည်သည့် ငွေကြေးပေးချေမှုမှ မလုပ်ခဲ့ရကြောင်း ဘန်ချက်ကုမ္ပဏီနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရင်းမြစ်က ရိုက်တာသတင်းကို ပြောသည်။
အီရန်အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့လျှင် ရန်သူနှင့် မသက်ဆိုင်သော သင်္ဘောများ ဟောမုဇ်ရေလက်ကြားကို ဖြတ်သန်းလိုပါက ဖြတ်သန်းနိုင်ကြောင်း အီရန်က ကုလလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာရေကြောင်းလုပ်ငန်းအဖွဲ့ကြီး အား ယမန်နေ့က အကြောင်းကြားခဲ့သည်။
ထိုင်းသင်္ဘော ဖြတ်သန်းနိုင်ခြင်းမှာ၂ နိုင်ငံကြားက ရင်းနှီးသောဆက်ဆံရေးကို ထင်ဟပ်နေသည်ဟု ထိုင်းနိုင်ငံရှိ အီရန်သံရုံးက လူမှုကွန်ရက်ပေါ်တွင် ပြောကြားပြီး “ မိတ်ဆွေတွေအတွက် သပ်သပ်နေရာတစ်ခုရှိပါတယ်” ဟု ရေးသားခဲ့သည်။
အေးကျော်
Ref: The Nation/Reuters
#MeKongNews
#ဟောမုဇ်ရေလက်ကြား
#ရေနံတင်သင်္ဘော
#ဘေးကင်းစွာ
#ဖြတ်ကျော်








