မဲခေါင်၊ မတ် ၂၅
ရှမ်းပြည်မြောက်ပိုင်း၊ မုံးကိုးမြို့နယ်တွင် ၂ ဖက်ပဋိပက္ခအတွင်း TNLA တပ်ဖွဲ့ဝင် ၉ ဦးကို ကိုးကန့်တပ်ဖွဲ့ – MNDAA က ဖမ်းဆီးသွားသော်လည်း ကိုးကန့်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်သူ မိသားစုဝင်ရှိသည့် တပ်ဖွဲ့ဝင် ၄ ဦးကိုသာ ပြန်လွှတ်ပေးသည်ဟု မဲခေါင်သတင်းဌာနက စုံစမ်းသိရှိရသည်။
MNDAA က ဖြစ်စဉ်အတွင်း ဖမ်းဆီးခဲ့သည့် TNLA တပ်ဖွဲ့ဝင် အားလုံးကို ပြန်လွှတ်သည်ဟုဆိုသော်လည်း လက်တွေ့ မြေပြင်တွင်မူ ကွဲလွဲမှုများရှိနေသည်ကို စုံစမ်းသိရှိရခြင်း ဖြစ်သည်။
၂ ဖက် ပဋိပက္ခအတွင်း မုံးကိုးမြို့နယ်တွင် ဖမ်းဆီးခံရသည့် TNLA တပ်ဖွဲ့ဝင်များမှာ နမ်ဝါကျေးရွာမှ ၅ ဦး၊ ရှောက်ရွှေကျင်ရွာမှ ၂ ဦး၊ ပန်စီတိုင်ရွာမှ တစ်ဦးနှင့် နမ့်ဟာရွာမှတစ်ဦး စုစုပေါင်း ၉ ဦးကို MNDAA က ဖမ်းဆီးခဲ့သည်။
ထိုသို့ ဖမ်းဆီးခံရသူများကို MNDAA က မတ်၂၃ ရက်တွင် ပြန်လွှတ်ပေးခဲ့ရာ ရှောက်ရွှေကျင်ရွာမှ တစ်ဦး၊ ပန်စီတိုင်ရွာမှ တစ်ဦး၊ နမ့်ဟာရွာမှ တစ်ဦးနှင့် နမ့်ဝါရွာမှ တစ်ဦး စုစုပေါင်း တပ်ဖွဲ့ဝင် ၄ ဦးသာ လွတ်ခဲ့သည်။
“အခု လွတ်လာတဲ့ ၄ ယောက်ကလည်း သူတို့မိသားစုဝင်တွေ ညီအစ်ကိုတွေက ကိုးကန့်တပ်ဖွဲ့ထဲမှာ စစ်မှုထမ်းရတာ ရှိတယ်။ အဲ့ဒါကြောင့် လွတ်လာတာ။ ကျန်တဲ့ ၅ ယောက်ကတော့ ကိုးကန့်ထဲမှာ တာဝန်ထမ်းဆောင်တဲ့ မိသားစုဝင်မရှိလို့ ဆိုပြီး မလွှတ်ပေးဘူး။ ကိုးကန့်တပ်ထဲကို စစ်သားစုဆောင်းသွားလိုက်တဲ့ ပုံစံ လုပ်သွားတာပေါ့”ဟု မဲခေါင်၏ သတင်းရင်းမြစ်က ပြောသည်။
၂ ဖက်ပဋိပက္ခအတွင်း အဖမ်းခံရသည့် အခြားမြို့နယ်မှ TNLA တပ်ဖွဲ့ဝင်များလည်းရှိရာ ၎င်းတို့ ပြန်လည် လွတ်မြောက်လာသည့် အခြေအနေကိုလည်း ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
၂ ဖက်တပ်ဖွဲ့၏ ထုတ်ပြန် ပြောဆိုထားချက်များအရ ပဋိပက္ခအတွင်း အဖမ်းခံရသည့် TNLA တပ်ဖွဲ့ဝင်များ ၁၀၀ ကျော်ရှိပြီး ၇၀ ကို ပြန်လွှတ်ပေးထားကြောင်း သိရသည်။
#MeKongNews
#မုံးကိုး
#MNDAA
#TNLA
#ပြန်လွှတ်








