မဲခေါင်၊ မတ် ၂၂
ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ကို TNLA ထံမှ သိမ်းပိုက်ထားသည့် MNDAA က တအာင်းအမျိုးသားအလံနှင့် စာတို့အား အသုံးမပြုကြရန် ပြောဆို တားမြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ကျေးရွာ ဆိုင်းဘုတ်များ၊ ကျေးရွာ စာသင်ကျောင်းများ၌ တအာင်းအမျိုးသားအလံ ဆေးရောင်များ ဖျက်ပေးရန်၊ တအာင်းအလံ ဖြုတ်ချပေးရန်၊ တအာင်းစာဖြင့် ရေးသားထားသည့် စာများ ဖျက်ပေးရန်နှင့် ဆက်လက် အသုံးမပြုရန် ကာလိုင်နှင့် မန်ပြိန်းရွာလူထုကို MNDAA အုပ်ချုပ်ရေးက ပြောဆိုခဲ့ပြီး မလိုက်နာပါက အရေးယူမည်ဟုဆိုကြောင်း ဒေသခံများက ပြောသည်။
“တစ်ယောက်လာ တစ်မျိုး၊ ဗမာစာကနေ ပလောင်စာ၊ အခု ကိုးကန့်က သူတို့က တရုတ်ဆိုတော့ တရုတ်စာပဲ ရေးခိုင်းတယ်။ အခုတော့ ပလောင်စာတွေ ဖျက်ထားရပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယင်းတွေ့ဆုံအသိပေးမှုကို ကာလိုင်၊ မန်ပြိန်းရွာများအပြင် မန်နောင်၊ ကုန်းဆာ၊ ကောင်းခါမ်၊ ဆိုင်ခေါင်၊ ပန်စံ စသည့် ရွာများကလည်း တက်ရောက်ခဲ့ကြရကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ်အတွင်း ၁၀၂၇ စစ်ဆင်ရေး မဖြစ်မီက ဆိုင်းဘုတ်များကို ရှမ်းစာ၊ ကချင်စာ၊ မြန်မာစာများဖြင့် ရေးသားခဲ့ခြင်းများ ရှိခဲ့ပြီး ယခု ကိုးကန့်တရုတ်များက မြန်မာပြည်ရှိ တိုင်းရင်းသားဘာသာ မဟုတ်သည့် တရုတ်စာများ အတင်းအကျပ် သုံးစွဲစေခြင်းမှာ တရုတ်ကိုလိုနီ ပြုခံရခြင်းဟု နိုင်ငံရေးလေ့လာသူများက ဝေဖန်လျက်ရှိသည်။
ကွတ်ခိုင်မြို့ကို TNLA လက်ထဲမှ မတ် ၁၄ ရက်နှင့် ၁၅ ရက်များတွင် MNDAA က အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ထိန်းချုပ်ခဲ့ပြီး မတ် ၂၀ ရက်တွင် ပြီးဆုံးခဲ့သည့် TNLA နှင့်ဆွေးနွေးမှုအရ ကွတ်ခိုင်ကို MNDAA က ထိန်းချုပ်မည်ဖြစ်ကြောင်း ယမန်နေ့တွင် TNLA သတင်းရင်းမြစ်က ပြောသည်။
#MeKongNews
#ကွတ်ခိုင်
#တအာင်းအလံ
#MNDAA
#တားမြစ်








