မဲခေါင်၊ မတ် ၁၇
ဟောမုဇ်ရေလက်ကြားတွင် ပစ်ခတ်ခံရပြီး မီးလောင်ခဲ့သော Mayuree Naree ကုန်တင်သင်္ဘောမှ ပျောက်ဆုံးနေဆဲ ထိုင်းသင်္ဘောသား ၃ ဦးကို အီရန်ရေတပ်နှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟာဆက်ဖွမ်ကက်ကောက ကတိပြုသည်။
“Mayuree Naree” သင်္ဘောပေါ်တွင် သောင်တင်နေဆဲဖြစ်သော ကျန်ရှိနေသည့် ထိုင်းသင်္ဘောသား ၃ ဦးအား ကူညီကယ်ဆယ်ရေး ကြိုးပမ်းမှုများနှင့် ပတ်သက်၍ ၎င်းက အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဖုန်းဖြင့် ဆက်သွယ်ညှိနှိုင်းခဲ့ကြောင်း သီဟာဆက်က အလေးပေးပြောကြားခဲ့သည်။
သို့သော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ရှာဖွေရေးလုပ်ငန်းစဉ်မှာ အခြေအနေအရသာ မူတည်မည် ဖြစ်သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဝမ်းနည်းကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ဖော်ပြခဲ့သော်လည်း၊ ယခုအခြေအနေသည် သင်္ဘောများ သွားလာရမည့် အခြေအနေမျိုး မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် အီရန်ရေတပ်နှင့် ဆက်သွယ်ပေးရန် အိုမန်နိုင်ငံနှင့်လည်း ညှိနှိုင်းထားပြီး၊ ထိုင်းတော်ဝင်ရေတပ်ကိုလည်း အီရန်ရေတပ်နှင့် တိုက်ရိုက် ဆက်သွယ်ရန် ညွှန်ကြားထားသည်။
ဟောမုဇ်ရေလက်ကြားတွင် တိုက်ခိုက်ခံခဲ့ရသော ကုန်တင်သင်္ဘောမှ သင်္ဘောသား ၂၀ ဦးသည် ယမန်နေ့တွင် ထိုင်းနိုင်ငံသို့ ပြန်ရောက်လာခဲ့ကြသည်။
ပြီးခဲ့သည့် သီတင်းပတ် ဗုဒ္ဒဟူးနေ့က ယူအေအီးဆိပ်ကမ်းတစ်ခုမှ ထွက်ခွာလာခဲ့ပြီး ဟောမုဇ်ရေလက်ကြားအား ဖြတ်သန်းနေစဉ် ထိုင်းတွင် မှတ်ပုံတင်ထားသော Mayuree Naree ရေယာဉ်ကို လေထဲမှ ပျံသန်းလာသော အရာဝတ္တု ၂ ခု ထိမှန်ခဲ့သည်။
အကြိမ်ကြိမ် သတိပေးချက်များကို လျစ်လျူရူခဲ့ခြင်းကြောင့် ထိုင်းသင်္ဘော နှင့် လိုင်ဘေးရီးယားအလံတင်တင် သင်္ဘော ၂ စီးကို ရေလက်ကြားတွင် တိုက်ခိုက်ခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပြောခဲ့သည်။
Ref: The Nation
#MeKongNews
#အီရန်ရေတပ်
#ပျောက်ဆုံး
#ထိုင်းသင်္ဘောသား
#ရှာဖွေကယ်ဆယ်
#ထိုင်းနိုင်ငံခြားရေးဝန်ကြီး








