မဲခေါင်၊ မတ် ၁၆
ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါး၊ လူသတ်မှုနှင့် လက်နက်ကိုင်ဆောင်မှုများဖြင့် ဖမ်းဝရမ်းထုတ်ခံထားရပြီး မြန်မာနိုင်ငံ၊ တာချီလိတ်မြို့တွင် ပုန်းအောင်းနေသည့် ထိုင်းနိုင်ငံသား ၇ ဦးကို မြန်မာအာဏာပိုင်များက ဖမ်းဆီးကာ ယနေ့ မတ်လ ၁၆ရက် နံနက်ပိုင်းတွင် ထိုင်းဘက်သို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ယနေ့၊ မတ်လ ၁၆ ရက်၊ နံနက် ၉ နာရီဝန်းကျင်တွင် အမှတ် (၁) မယ်ဆိုင်-တာချီလိတ် ချစ်ကြည်ရေးတံတားပေါ်၌ မြန်မာနိုင်ငံ တာချီလိတ်လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ချင်းရိုင်းခရိုင် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ထံသို့ ယင်းထိုင်းနိုင်ငံသား အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့၏ စစ်ဆေးချက်များအရ ဖမ်းဆီးရမိသူ ၇ ဦးစလုံးမှာ ထိုင်းနိုင်ငံ တရားရုံးအသီးသီးမှ ဖမ်းဝရမ်းထုတ်ခံထားရသူများဖြစ်ပြီး မူးယစ်ဆေးဝါးအမှုဖြင့် အသက် ၃၅ နှစ်အရွယ် အမျိုးသား တစ်ဦး၊အသက် ၂၇ နှစ်အရွယ် မယ်ဆိုင်ဒေသခံ အမျိုးသားတစ်ဦး၊ အသက် ၃၉ နှစ်အရွယ် ဖူးခက်ဒေသခံ အမျိုးသမီး တစ်ဦး၊ အခြား အသက် ၁၉ နှစ်နှင့် ၃၈ နှစ်အရွယ် အမျိုးသား ၂ ဦးပါဝင်ကြောင်း သိရသည်။
ထို့ပြင် လူသတ်မှုနှင့် လက်နက်မှုဖြင့် အသက် ၃၁ နှစ်အရွယ် အမျိုးသား ၂ ဦး ပါဝင်ကြောင်း ထိုင်ရသတင်းများကဖော်ပြသည်။
ယင်းတရားခံများအနက် မူးယစ်ဆေးဝါး အဓိကတရားခံ ၃ ဦးကို ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့ – NSB က တိုက်ရိုက်ခေါ်ယူစစ်ဆေးလျက်ရှိပြီး၊ ကျန်ရှိသူများကို သက်ဆိုင်ရာ နယ်မြေရဲစခန်းများသို့ လွှဲပြောင်းပေးကာ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်သည်။
Ref: MAESAIPRESS
#MeKongNews
#တာချီလိတ်
#အလိုရှိတရားခံ
#မယ်ဆိုင်
#မူးယစ်ဆေးဝါး








