မဲခေါင်၊ မတ် ၁၆
ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် နောင်အောကျေးရွာတွင် ပရဟိတအသင်းတစ်ခုက ဒေသခံများထံ လှူဒါန်းခဲ့သော အလှူငွေများကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ဘုရားတည်ရန် ရန်ပုံငွေ ဟုဆိုကာ တစ်ဦးလျှင် ငွေကျပ် ၃ သောင်းစီ ဖြတ်တောက်ယူခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်တွင် ပရဟိတအသင်းတစ်ခုက နောင်အောကျေးရွာရှိ အခက်အခဲကြုံနေသည့် မိသားစုများအား ကူညီရန် အိမ်ထောင် စုဝင်တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
သို့သော် အလှူငွေများ လက်ခံရရှိပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ အဖွဲ့ဝင်များက ရပ်ရွာဘုရားတည်ရန်နှင့် ရန်ပုံငွေအတွက်ဟု အကြောင်းပြကာ အလှူငွေ ရရှိသူများထံမှ တစ်ဦးလျှင် ငွေကျပ် ၃ သောင်းစီ ပြန်လည် ဖြတ်တောက်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“အလှူရှင်တွေက အခက်အခဲရှိတဲ့သူတွေကို ကူညီဖို့ပေးတာကို ရွာအုပ်ချုပ်ရေးက အဲဒီနေရာမှာပဲ ပြန်ယူသွားတာ မမျှတဘူးလို့ ခံစားရတယ်။ ဒါပေမယ့် ပြောရဲမယ့်သူတော့ မရှိဘူး” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
အလှူငွေများကို ပရဟိတအသင်းက ရွာသူရွာသားများ စုပေါင်းရှိနေသည့် နေရာတွင် တိုက်ရိုက် ဝေငှပေးခဲ့သော်လည်း၊ ငွေဖြတ်တောက်မှုကိုမူ ကျေးရွာအုပ်ချုပ်ရေးမှူး၏ သမီးနှင့် သားမက်ဖြစ်သူတို့၏ နေအိမ်သို့ သီးသန့်ခေါ်ယူကာ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“ဘုရားတည်ဖို့ဆိုရင်လည်း လူထု သဘောတူညီချက်နဲ့ လုပ်သင့်တယ်။ အလှူငွေကို ဒီလို ပြန်ဖြတ်ယူတာကြောင့် ရွာသူရွာသားတွေ အတော်လေး မကျေနပ်ကြဘူး” ဟု နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ အလှူငွေများမှ ပြန်လည် ဖြတ်တောက်ယူခြင်းကြောင့် အခက်အခဲ ကြုံနေသည့် မိသားစုများအတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နေကြောင်းလည်း ဒေသခံများက ဆိုသည်။
#MeKongNews
#နောင်ချို
#ပရဟိတအဖွဲ့
#လှူဒါန်းငွေ
#အုပ်ချုပ်ရေးမှူး
#ဖြတ်တောက်








