မဲခေါင်၊ မတ် ၁၅
နွေဦးတော်လှန်ရေးစတင်ခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လကတည်းက ပိတ်ဆို့ထားသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ရှိ ရဲစခန်းလမ်းဆုံကို မတ်လ ၁၄ ရက်တွင် ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းလမ်းဆုံကို နွေဦးတော်လှန်ရေး အစပိုင်းကာလတွင် လုံခြုံရေးအခြေအနေများကြောင့် ပိတ်ဆို့ထားခဲ့ခြင်းဖြစ်ပြီး ၅ နှစ်နီးပါးအကြာတွင် ပိတ်ဆို့ထားသည့် အတားအဆီးများကို ဖယ်ရှားကာ ပြန်လည်ဖွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“ဒီလမ်းဆုံက မြို့အတွက် အရေးကြီးတဲ့ နေရာတစ်ခုပါ။ အရင်က အဲ့ဒီနေရာမှာ အကြမ်းဖက်ဖြိုခွင်းမှုတွေ ဖြစ်ခဲ့ပြီး လက်နက်မဲ့ ပြည်သူတွေ အများအပြား ထိခိုက်သေဆုံးခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အောင်ပန်းမြို့အကြောင်း ပြောကြတဲ့အခါ ဒီနေရာကို မမေ့နိုင်တဲ့ နေရာတစ်ခု ဖြစ်နေပါတယ်” ဟု အောင်ပန်းမြို့ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
အောင်ပန်းမြို့ ရဲစခန်းလမ်းဆုံသည် နွေဦးတော်လှန်ရေးအစပိုင်းကာလအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြိုခွင်းမှုများနှင့် ပြည်သူများ၏ ဆန္ဒပြလှုပ်ရှားမှုများကို အမှတ်ရစေသည့် နေရာတစ်ခုအဖြစ် မြို့ခံများအကြား ဆက်လက် မှတ်သားထားဆဲဖြစ်ကြောင်း သိရသည်။
#MeKongNews
#အောင်ပန်းမြို့
#ရဲစခန်းလမ်းဆုံ
#နွေဦးတော်လှန်ရေး
#ရှမ်းတောင်








