မဲခေါင်၊ မတ် ၉
အီရန်နိုင်ငံရေးနှင့် ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီခါမေနီအား အမေရိကန်နှင့် အစ္စရေးတပ်များက ပြီးခဲ့သည့် သီတင်းပတ်တွင် တီဟီရန်မြို့ကို စတင်တိုက်ခိုက်စဉ်ကတည်းက စစ်ရေးအကြီးအကဲ ၄၀ ကျော်နှင့်အတူ ရှင်းလင်းနိုင်ခဲ့ပြီးနောက် အီရန်သည် အယာတိုလာနေရာ ဆက်ခံမည့် ဘာသာရေးခေါင်းဆောင်သစ်ကို နိုင်ငံခေါင်းဆောင်အဖြစ် တင်မြှောက်ရန် ရွေးချယ်ထားပြီးဖြစ်ကြောင်း သိရှိရသည်။
အီရန်ခေါင်းဆောင်သစ် ရွေးချယ်မှုကို ဘာသာရေးခေါင်းဆောင် ၈၀ က အလီခါမေနီ ညွှန်ကြားထားချက်နှင့်အညီ ရွေးချယ်ပေးခဲ့ကြကြပြီးဖြစ်ကြောင်း ထိပ်တန်း ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သူ မိုဆန်ဟိုင်ဒါရီအလက္ကဆာက ထုတ်ဖော်ပြောဆိုသွားခဲ့သည်။
သို့သော် နာမည်နှင့်တကွ ထုတ်ပြန်ခြင်း မပြုသေးချိန် ၎င်းသည် အယာတိုလာခါမီနီ၏သား ၅၆ နှစ်အရွယ် မိုတဘာခါမေနီဖြစ်လိမ့်မည်ဟု အမေရိကန်နှင့် အစ္စရေးထောက်လှမ်းရေးများက ကောက်ချက်ချ တွက်ဆထားကာ အယာတိုလာလက်သစ်ထွက်ပေါ်လာလျှင်လည်း ရှင်းပစ်မည်ဟု အစ္စရေးက ရာဇသံပေးခဲ့သည်။
အီရန် နိုင်ငံပိုင်မီဒီယာကလည်း ခေါင်းဆောင်သစ်ကို ရွေးချယ်ထားပြီးဖြစ်ကာ စေတန်နတ်ဆိုး အမေရိကန်အတွက် နာမည်ကြား သည်နှင့် အလွန်မုန်းတီးရမည့်သူဖြစ်စေရမည်ဟုလည်း ထုတ်ပြန်ခဲ့သည်။
မိုတဘာခါမေနီသည် ပြီးခဲ့သည့် တစ်ပတ်က တီဟီရန်အပေါ် စတင်သော ဒေါမာန်ဟုန်စစ်ဆင်ရေး ပထမဆုံး တိုက်ခိုက်မှုမှာပင် ဒဏ်ရာရသွားခဲ့ပြီး ၎င်း ၏ ဇနီးမှာမူ သေဆုံးခဲ့ကြောင်း၊ မိုတဘာသည် ဒဏ်ရာရလျှက်နှင့် ပုန်းအောင်း လွတ် မြောက်နေသေးသည်ဟု အစ္စရေးဘက်က ထုတ်ပြန်ခဲ့သည်။
မိုတဘာသည် ဘာသာရေးအ စွန်းရောက်တစ်ဦးဖြစ်ကာ အီရန် တော်လှန်ရေးအစောင့်တပ်အကြီးအကဲများနှင့်လည်း အရင်းနှီးဆုံး ဆက်ဆံရေးရှိသူဖြစ်ကြောင်း၊ အနောက်မဟာမိတ်များအား အလွန်မုန်းတီးစိတ်ရှိသူလည်းဖြစ်ကာ အီရန် ပြည်တွင်းဆန္ဒပြမှုများတွင် ပြည်သူပေါင်းသောင်းချီကို ရက်စက်စွာ သတ်ဖြတ်ရန် အမိန့်ပေးခဲ့သူလည်းဖြစ်ကြောင်း၊ ဆွစ်ဇာလန်ဘဏ်တွင် ယခင်က ငွေများစွာ သိမ်းဆည်းထားပြီး ဥရောပတစ်လွှားမှာပင် ပေါင်သန်းရာချီသော ရင်းနှီးမြှုပ်နှံထားကာ ထိုငွေများကို မကြာသေးမီက ခရစ်ပတို ငွေကြေးဖြင့် လဲလှယ်ထုတ်ယူသွားကြောင်း နယူးယောက်တိုင်းမ်ကလည်း ရေးသားဖော်ပြခဲ့သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#အသစ်ရွေးချယ်
#အီရန်ခေါင်းဆောင်သစ်
#အစ္စရေး
#ကြုံးဝါး








