မဲခေါင်၊ မတ် ၈
ယူအေအီး သမ္မတ မိုဟာမက် ဘင်ဇာယစ် အယ်လ် နာဟ်ယန်က အီရန်နိုင်ငံအပေါ် သွယ်ဝိုက်သော ခြိမ်းခြောက်မှုတစ်ခုကို ပြုလုပ်ခဲ့ပြီး ၎င်းတို့နိုင်ငံသည် အလွယ်တကူ အနိုင်ကျင့်၍ရသည့် သားကောင်မဟုတ်ကြောင်း သတိပေးခဲ့ကာ တီဟီရန်ကို ရန်သူဟု ကင်ပွန်းတပ်လိုက်သဖြင့် ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံနှင့် ပတ်သက်၍ ယူအေအီးနိုင်ငံက အစဉ်အလာအရ ဖော်ပြလေ့ရှိသည့် ဆက်ဆံရေးပုံစံမှ သိသိသာသာ ပြောင်းလဲသွားခြင်း ဖြစ်သည်။
အလွန် ရှားပါးလှသော လူသိရှင်ကြား မှတ်ချက်စကားများတွင် MBZ ဟု လူသိများသည့်ယူအေအီးသမ္မတက ၎င်းအနေဖြင့် ယူအေအီး၏ ရန်သူထံသို့ သတင်းစကားတစ်ခု ပေးပို့လိုသည်ဟု ပြောကြားခဲ့သည်။
“ယူအေအီးဟာ လှပပါတယ်၊ ယူအေအီးဟာ အတုယူစရာ စံပြနိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်၊ ဒါပေမဲ့ အဲဒီအချက်အပေါ်မှာ အထင်မမှားကြဖို့ ကျနော် ပြောချင်ပါတယ်။ ယူအေအီးရဲ့ လက်တံဟာ ရန်သူဆီ ရောက်ရှိနိုင်စွမ်းရှိပြီး သန်မာပါတယ်။ ကျနော်တို့ရဲ့ အသားဟာ ခါးသီးပါတယ်၊ ပြီးတော့ ကျနော်တို့ဟာ အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့ သားကောင်တွေ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။
ယူအေအီးလေကြောင်းရန်ကာကွယ်ရေးစနစ်က ဒုံးကျည်အန္တရာယ်တစ်ခုကို တုံ့ပြန်ခဲ့ပြီးနောက် မကြာမီတွင် စစ်ပွဲစတင်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ပြောကြားလိုက်သော MBZ ၏ မှတ်ချက်များ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ယင်းမှာ ပင်လယ်ကွေ့ဒေသတစ်ဝှမ်း တိုက်ခိုက်မှုများ ရပ်တန့်တော့မည်ဟု အီရန်သမ္မတက ယမန်နေ့အစောပိုင်းတွင် ကတိပြု ပြောကြားခဲ့သော်လည်း လက်တွေ့တွင်မူ ဒုံးကျည် ခြိမ်းခြောက်မှုများနှင့် ထပ်မံရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။
“ကျနော်တို့ဟာ ကျနော်တို့ နိုင်ငံ၊ ပြည်သူတွေနဲ့ ကျနော်တို့နဲ့အတူ နေထိုင်ကြသူတွေအပေါ်မှာ ထားရှိတဲ့ တာဝန်ဝတ္တရားတွေကို ကျေပွန်အောင် ထမ်းဆောင်နေပါတယ်။ ဘုရားသခင်က ယူအေအီးနိုင်ငံကို စောင့်ရှောက်ပါစေ၊ နိုင်ငံသူ နိုင်ငံသားတွေနဲ့ ဒီမှာရှိနေကြတဲ့ လူတိုင်းကိုလည်း ကာကွယ် စောင့်ရှောက်ပါစေ၊ ငြိမ်းချမ်းသာယာမှုနဲ့ ဘေးကင်းလုံခြုံမှုတွေကိုလည်း ပေးသနားတော်မူပါစေ” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
ပင်လယ်ကွေ့ဒေသတွင် တိုက်ခိုက်မှုများ ရပ်တန့်တော့မည်ဟု အီရန်သမ္မတက ယမန်နေ့အစောပိုင်းတွင် ပြောကြားခဲ့သော်လည်း ဒေသစံတော်ချိန် ယမန်နေ့ညနေပိုင်းတွင် ဘာရိန်း၊ ကာတာနှင့် ယူအေအီးနိုင်ငံတို့၌ ပေါက်ကွဲသံများ ထပ်မံကြားခဲ့ရသည်။
“ရှေ့လာမယ့် အနာဂတ်မှာ ကျနော်တို့ဟာ ဒီထက်ပိုပြီး ခိုင်မာတောင့်တင်းလာမယ် ဆိုတာကို ကျနော် ကတိပေးပါတယ်” ဟု MBZ က ဆိုသည်။
Ref: CNN
#MeKongNews
#အီရန်
#ရန်သူ
#ယူအေအီးသမ္မတ
#မှတ်ချက်ပေး








