မဲခေါင်၊ ဖေဖော်ဝါရီ ၂၈
အစ္စရေးနှင့် အမေရိကန်တို့၏ စစ်ဆင်ရေးများကို တုံ့ပြန်သည့်အနေဖြင် အစ္စရေးနိုင်ငံအတွင်းရှိ ပစ်မှတ်များသို့ ဒရုန်းအမြောက်အမြား အသုံးပြု၍ အကြီးစားတိုက်ခိုက်မှုကို ့် အီရန်နိုင်ငံက စတင်လိုက်ပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာသည်။
အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည်များ ဝင်ရောက်လာတော့မည်ဟူသော သတိပေးချက်များ ထွက်ပေါ်လာပြီးနောက်၊ တဲလ်အဗစ်မြို့အနီးရှိ အဝေးပြေးလမ်းပေါ်တွင် မောင်းနှင်နေသော ကားများသည် ဥဩဆွဲသံများ ရပ်တန့်သွားသည်အထိ ခုံးကျော်တံတား တစ်ခုအောက်တွင် ခိုလှုံရင်း စောင့်ဆိုင်းခဲ့ကြရသည်။
အီရန်ဘက်မှ ဒုံးကျည်နှင့် ဒရုန်းများဖြင့် ဆက်တိုက် တိုက်ခိုက်လာနိုင်သည့် အန္တရာယ်ကြောင့် အစ္စရေး ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က နိုင်ငံတစ်ဝန်းရှိ ပြည်သူများအားလုံး ဘေးကင်း လုံခြုံရေးအတွက် အရေးပေါ် စည်းမျဉ်းများကို လိုက်နာရန် တိုက်တွန်းထားသည်။
ထိုအတောအတွင်းမှာပင် ကာတာနိုင်ငံသို့ ဦးတည်လာသော ဒုတိယအကျော့ ဒုံးကျည်တိုက်ခိုက်မှုများကို အောင်မြင်စွာ ကြားဖြတ်ဟန့်တားပြီး ချေမှုန်းနိုင်ခဲ့သည်ဟု ကာတာကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့၏ အင်စတာဂရမ် လူမှုကွန်ရက်မှတစ်ဆင့် ယနေ့တွင် အတည်ပြု ထုတ်ပြန်ခဲ့သည်။
ကာတာနိုင်ငံရှိ CNN သတင်းအဖွဲ့၏ အဆိုအရ နိုင်ငံတစ်ဝန်းတွင် ဒုံးကျည်များကို ကြားဖြတ်ပစ်ချနေသည့် ပေါက်ကွဲသံများကို အကြိမ်ပေါင်းများစွာ ကြားခဲ့ရသည်ဟု ဆိုသည်။
သို့ရာတွင် လက်ရှိအချိန်ထိ ကာတာပိုင်နက်အတွင်း တိုက်ရိုက်ထိမှန်မှု သို့မဟုတ် ထိခိုက်ပျက်စီးမှု သတင်းများ မရရှိသေးပေ။
ကာတာနိုင်ငံသည် အရှေ့အလယ်ပိုင်းရှိ အကြီးဆုံး အမေရိကန်လေတပ်စခန်းဖြစ်သော အယ်လ်အူဒီ တည်ရှိရာနေရာ ဖြစ်သောကြောင့် အီရန်၏ အဓိကပစ်မှတ်တစ်ခု ဖြစ်နေသည်။
သို့သော် အမေရိကန်၏ ပက်ထရီယော့စနစ်အပါအဝင် ကာတာ၏ ခေတ်မီ လေကြောင်းရန်ကာကွယ်ရေးစနစ်များက အီရန်၏ ဒုံးကျည်များကို ထိရောက်စွာ ဟန့်တားပေးနေသည်ကို တွေ့ရသည်။
ယနေ့နံနက်ပိုင်းတွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံအတွင်းရှိ စစ်ဘက်နှင့် အစိုးရပစ်မှတ်များကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် အီရန်နိုင်ငံကလည်း ပင်လယ်ကွေ့ဒေသရှိ အမေရိကန် စစ်အခြေစိုက်စခန်းများနှင့် အစ္စရေးနိုင်ငံသို့ ဒုံးကျည် အမြောက်အမြားဖြင့် လက်တုံ့ပြန် တိုက်ခိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ – IRGC နှင့် နီးစပ်သည့် Nour News ၏ အဆိုအရ အီရန်သည် အစ္စရေးနိုင်ငံဘက်သို့ တိုက်ချင်းပစ်ဒုံးကျည် ဆယ်ဂဏန်းကျော် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
ထို့ပြင် ပင်လယ်ကွေ့ဒေသရှိ နိုင်ငံအတော်များများတွင် အခြေစိုက်ထားသည့် အမေရိကန် စစ်အခြေစိုက်စခန်း များကိုလည်း အီရန်က ပစ်မှတ်ထားခဲ့သည်။
ဒေသတွင်းတွင် အီရန်ဒုံးကျည်များကို ကြားဖြတ်ဟန့်တားရန် လေကြောင်းရန် ကာကွယ်ရေးစနစ်များကို အသုံးပြုနေကြရပြီး ဒေသတွင်း နိုင်ငံအတော်များများ၌ ပေါက်ကွဲသံများ မြည်ဟီးနေခဲ့သည်။
ယနေ့နံနက်ပိုင်းက အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နိုင်ငံအတွင်းရှိ နေရာအမြောက်အမြားကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းအပေါ် ရာဇဝတ်မှုမြောက်သော စစ်ရေးကျူးကျော်မှုအဖြစ် သတ်မှတ်ကာ ပြင်းထန်စွာ ရှုတ်ချကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
“အီရန်လူမျိုးများသည် ပြည်ပကျူးကျော်မှုနှင့် လွှမ်းမိုးချုပ်ကိုင်မှုများကို မည်သည့်အခါမျှ အညံ့ခံခဲ့ခြင်း မရှိကြောင်း သမိုင်းက သက်သေထူသည်။ ယခုတစ်ကြိမ်တွင်လည်း အီရန်၏ တုံ့ပြန်မှုသည် ပြတ်သားပြီး အဆုံးအဖြတ်ပေးနိုင်သည် ဖြစ်ကာ ကျူးကျော်သူများကို ၎င်းတို့၏ ရာဇဝတ်မှုအတွက် နောင်တရစေမည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။
Ref: CNN
#MeKongNews
#အစ္စရေး
#အကြီးစား
#ဒရုန်းတိုက်ခိုက်မှု
#အီရန်
#စတင်








