မဲခေါင်၊ ဖေဖော်ဝါရီ ၂၈
တောင်ကြီးမြို့တွင် တည်ဆောက်မည့် Youth Center စီမံကိန်းအရ ဖယ်ရှားခံရမည့် အားကာတိုက်ခန်းတန်းမှ ပင်စင်စားကြီးများသည် အေးသာယာရှိ မင်းကျော်စွာတိုက်ခန်း (ကျီးဖြူကန်အနီး) သို့ မပြောင်းရွှေ့ရရေးအတွက် လာမည့်ပြည်နယ်လွှတ်တော်သို့ တင်ပြသွားရန်ရှိကြောင်း ပင်စင်စားမိသားစုများနှင့် နီးစပ်သူများထံမှ သိရသည်။
လာမည့် မတ်လ ၂၀ ရက်တွင် ကျင်းပမည့် တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေး၌ တိုက်ခန်းနေ ပင်စင်စားကြီးများက ၎င်းတို့အား မြို့ပြင်သို့ မပို့ဘဲ တောင်ကြီးမြို့ပေါ်တွင်သာ အစားထိုးနေရာချထားပေးရန် အသနားခံ တင်ပြသွားမည်ဖြစ်ကြောင်း ဆိုင်ခန်းပိုင်ရှင်များနှင့် နီးစပ်သူများထံမှ သိရသည်။
“လွှတ်တော်ကိုယ်စားလှယ်ကတစ်ဆင့် တင်မလား၊ စုပေါင်းလက်မှတ်ထိုးပြီး တိုက်ရိုက်တင်မလားတော့ မသိဘူး။ တင်မှာကတော့ သေချာတယ်။ ၁၅ မျက်နှာလောက်ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ပင်စင်စားကြီးတွေက အသက်တွေကြီးလှတဲ့အပြင် တချို့ဆို လူတွဲမှ လမ်းဆင်းလျှောက်နိုင်ကြတော့တာ။ သူတို့ဘဝနေဝင်ချိန်မှာ အေးအေးချမ်းချမ်း နေချင်ကြတာပါ။ အခု ရွှေ့ခိုင်းတဲ့ အေးသာယာ ကျီးဖြူကန်အနားဆိုတာ မြို့ထဲကနေ တော်တော်ဝင်ရတာ။ အစားထိုးပေးတာ တောင်ကြီးမြို့ပေါ်ဆိုရင်တော့ တော်သေးတာပေါ့” ဟု နီးစပ်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။
လက်ရှိတွင် ပြောင်းရွှေ့ရမည့် အားကာတိုက်ခန်း ၆၂ ခန်းအနက် အိမ်ငှားအချို့ ပြောင်းရွှေ့သွားကြပြီဖြစ်သော်လည်း ပညာရေး၊ အခွန်နှင့် စာရင်းစစ်ရုံးမှ ပင်စင်စား အိမ်ရှင်အများစုမှာမူ မြို့ပေါ်တွင်သာ နေထိုင်ခွင့်ရရန် ကြိုးပမ်းနေကြခြင်းဖြစ်သည်။
၎င်းတို့အနေဖြင့် တောင်ကြီးမြို့ပေါ်ရှိ အိမ်ငှားခနှုန်းထားများကို မတတ်နိုင်ကြသလို၊ ယခုပြောင်းရွှေ့ရမည့် စရိတ်ကိုပင် ငွေကြေးအခက်အခဲ ရှိနေကြသည်ဟု ဆိုသည်။
ယင်းအားကာတိုက်ခန်းနေထိုင်သူများကို ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်တွင် နောက်ဆုံးထား ဖယ်ရှားပေးရန် အမိန့်ထုတ်ထားသော်လည်း၊ ဖေဖော်ဝါရီ ၂၆ ရက်က ထပ်မံထုတ်ပြန်သည့်စာအရ Grade 12၊ Grade 9 နှင့် Grade 5 စာမေးပွဲများကြောင့် မတ်လ ၂၀ ရက်သို့ ပြောင်းရွှေ့ရမည့်ရက်ကို တိုးမြှင့်ပေးထားကြောင်း သိရသည်။
စီမံကိန်းအရ တောင်ကြီးဘောလုံးကွင်းပတ်လည်ရှိ ကားပစ္စည်းဆိုင် ၁၀၇ ခန်းမှာ ညိုမီးဘက်သို့လည်းကောင်း၊ စားသောက်ဆိုင် ၅၅ ခန်းမှာ အဝေရာကွင်းအနီးသို့လည်းကောင်း ပြောင်းရွှေ့ရမည်ဖြစ်ပြီး အားကာတိုက်ခန်း ၆၂ ခန်းမှာမူ အေးသာယာရှိ မင်းကျော်စွာအိမ်ရာသို့ ပြောင်းရွှေ့ကြရမည်ဖြစ်ကြောင်း သိရသည်။
#MeKongNews
#တောင်ကြီး
#အားကာတိုက်ခန်း
#လွှတ်တော်
#အေးသာယာ








