မဲခေါင်၊ ဖေဖော်ဝါရီ ၂၇
အာဖဂန်နစ္စတန်မြို့ကြီးများရှိ တာလီဘန်အစိုးရပစ်မှတ်များကို ပါကစ္စတန်က ယမန်နေ့ညတွင် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု နှစ်နိုင်ငံစလုံးမှ အရာရှိကြီးများက ပြောကြားကြပြီး အာဖဂန်အပေါ် ပြောင်ပြောင်တင်းတင်း တိုက်ခိုက်မှုများ စတင်လိုက်ပြီဟု ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာမူဟမ်မက်အာဆစ်ဖ်က ကြေညာလိုက်သည်။
ပါကစ္စတန်နိုင်ငံအနေဖြင့် မည်သည့် ကျူးကျော်လိုသော ရည်ရွယ်ချက်ကိုမဆို ချေမှုန်းနိုင်သည့် အစွမ်းအစ အပြည့်အဝရှိသည် ဟု ဝန်ကြီးချုပ် ရှာဘတ်ရှရစ်ဖ် ပြောကြားခဲ့ပြီး၊ ကာကွယ်ရေးဝန်ကြီး ခါဝါဂျာအာဆစ်ဖ်ကလည်း အာဖဂန်နစ္စတန်နှင့် တရားဝင်စစ်ပွဲ ဆင်နွှဲနေပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ကြာသပတေးနေ့ညက အာဖဂန်နယ်စပ်အနီးရှိ ပါကစ္စတန်စစ်တပ် စခန်းများကို အင်အား အလုံးအရင်းဖြင့် စတင်တိုက်ခိုက်ခဲ့ကြောင်း တာလီဘန်အစိုးရက ကြေညာခဲ့ပြီးနောက် လက်ရှိပဋိပက္ခများ စတင်လာခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီလအစောပိုင်းက ပါကစ္စတန်၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် အရပ်သား အနည်းဆုံး ၁၃ ဦး သေဆုံးခဲ့ရမှုကို တုံ့ပြန်ခြင်း ဖြစ်သည်ဟု တာလီဘန်တို့က ဆိုသည်။
ပါကစ္စတန်ဘက်ကမူ ၎င်းတို့၏ တိုက်ခိုက်မှုများသည် ပါကစ္စတန်မြို့ကြီးများတွင် အသေခံဗုံးခွဲမှုများ ပြုလုပ်ခဲ့သည့် လက်နက်ကိုင်များ ပုန်းအောင်းရာနေရာများကို ပစ်မှတ်ထားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
လက်ရှိတွင် လေကြောင်းတိုက်ခိုက်မှု အသစ်များကို ပါကစ္စတန် ထပ်မံပြုလုပ်ခဲ့ပြီး ယခုတစ်ကြိမ်တွင် မြို့တော်ကဘူးလ်ကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တာလီဘန်အစိုးရက ထိုတိုက်ခိုက်မှုများကို အတည်ပြုထားသော်လည်း မည်သည့်နေရာများ ထိမှန်ခဲ့သည်နှင့် ထိခိုက်သေဆုံးမှု ရှိ၊ မရှိကိုမူ ယခုအချိန်အထိ သတင်းအချက်အလက်များ မရရှိသေးပေ။
ပါကစ္စတန်နိုင်ငံမှ အာဖဂန်နစ္စတန်သို့ ပြန်လည်ရောက်ရှိလာသော အာဖဂန်နိုင်ငံသားများ ခိုလှုံနေသည့် နန်ဂါဟာပြည်နယ်ရှိ ဒုက္ခသည်စခန်း တစ်ခုအတွင်းသို့ ပါကစ္စတန်ဘက်မှ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း အာဖဂန် တာလီဘန်အစိုးရ၏ ဒေသခံ တာဝန်ရှိသူများက စွပ်စွဲပြောကြားလိုက်သည်။
BBC အာဖဂန်ဌာန၏ ဖော်ပြချက်အရ ယင်းးတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၇ ဦးနှင့် အမျိုးသား ၂ ဦး၊ စုစုပေါင်း အနည်းဆုံး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။
ပါကစ္စတန်၏ တိုက်ခိုက်မှုများကြောင့် ယခုအချိန်အထိ အာဖဂန်တာလီဘန်တို့၏ စစ်အခြေစိုက်စခန်း ၂၇ ခုကို ဖျက်ဆီးနိုင်ခဲ့ပြီး အခြားစခန်း ၉ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ မိုရှာရပ်ဖ်ဇိုင်ဒီက ပြောသည်။
ထို့ပြင် တင့်ကားများ၊ အမြောက်များနှင့် သံချပ်ကာယာဉ် စုစုပေါင်း အစီး ၈၀ ကျော်ကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။
“ကျူးကျော်မှုအပေါ် ပါကစ္စတန်ရဲ့ ချက်ချင်းလက်ငင်း ထိရောက်တဲ့ တုံ့ပြန်မှုတွေက ဆက်လက် ရှိနေပါတယ်” ဟု ၎င်းက X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
အခြားတစ်ဖက်တွင်မူ ပါကစ္စတန်စစ်စခန်း ၁၉ ခုနှင့် အခြေစိုက်စခန်း ၂ ခုကို ယမန်နေ့ညတွင် သိမ်းပိုက်နိုင်ခဲ့ပြီး ပါကစ္စတန်စစ်သား စုစုပေါင်း ၅၅ ဦး သေဆုံးခဲ့သည်ဟုလည်း တာလီဘန် ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
လက်ရှိအခြေအနေနှင့် ပတ်သက်ပြီးနှစ်နိုင်ငံစလုံးအနေဖြင့် နိုင်ငံတကာဥပဒေများကို တိတိကျကျ လိုက်နာကြရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တိုက်တွန်းခဲ့ပြီး အထူးသဖြင့် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို အလေးထားလိုက်နာရန် အလေးပေး ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ် နယ်စပ်တိုက်ပွဲများနှင့် အသက်အန္တရာယ် ထိခိုက်စေသည့် လေကြောင်း တိုက်ခိုက်မှုများ ဖြစ်ပွားနေစဉ်အတွင်း အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် တို့အကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကြရန် တောင်းဆိုခဲ့သည်။
အေးကျော်
Ref: BBC
#MeKongNews
#အာဖဂန်မြို့ကြီးများ
#ဗုံးကြဲ
#အတိအလင်းစစ်ပွဲ
#ပါကစ္စတန်








