မဲခေါင်၊ ဖေဖော်ဝါရီ ၂၇
ကိုးကန့်တပ် – MNDAA နှင့် ဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှုများကို တရုတ်နိုင်ငံအနေဖြင့် ကြားဝင်ဖြေရှင်းပေးရန် ပလောင်တပ် TNLA က အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တာဘုန်းကျော် လက်မှတ်ရေးထိုး၍ ဖေဖော်ဝါရီ ၂၅ ရက်တွင် တောင်းဆိုထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
တရုတ်ဘာသာဖြင့် ရေးသားထားသည့် ယင်းစာတွင် MNDAA က TNLA ထိန်းချုပ်ထားသည့် လားရှိုးခရိုင်၊ မန်ယောင်ဒေသရှိ နန်ကိုင်၊ ဘန်ညူနှင့် မန်ကန်ကျေးရွာများမှ TNLA အုပ်ချုပ်ရေးနှင့် ဥပဒေစိုးမိုးရေး ဝန်ထမ်းများကို ဖမ်းဆီးကာ လက်နက်များ သိမ်းယူခဲ့ကြောင်း ဖော်ပြထားသည်။
ဖမ်းဆီးခံရသူများကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း ဗိုလ်အဆင့်ရှိသူတစ်ဦးနှင့် လက်နက်များကိုမူ MNDAA ဘက်က ပြန်လည်ပေးအပ်ခြင်း မရှိသေးသဖြင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရအနေဖြင့် ကြားဝင်ညှိနှိုင်းပေးရန် တောင်းဆိုထားခြင်း ဖြစ်သည်။
အခြားမြေပြင်သတင်းများအရ ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၃ ရက်အတွင်း TNLA တပ်ဖွဲ့ဝင် ၁၉ ဦးကို လက်နက် ၁၅ လက်နှင့်အတူ MNDAA က ဖမ်းဆီးခဲ့ပြီးနောက် ၁၈ ဦးကိုသာ ပြန်လွှတ်ပေးခဲ့ကာ ဗိုလ်တစ်ဦးနှင့် လက်နက်များကို ဆက်လက်ထိန်းသိမ်းထားကြောင်း သိရသည်။
PSLF/TNLA ခေါင်းဆောင်များက ဖြစ်ပွားနေသည့် ပြဿနာများကို တွေ့ဆုံဆွေးနွေးရန် ဖေဖော်ဝါရီ ၂၁ ရက်တွင် MNDAA ထံ စာပို့ခဲ့သော်လည်း ဆွေးနွေးမှု အထမမြောက်ခဲ့ကြောင်း သိရသည်။
MNDAA ဘက်က ညှိနှိုင်းရန် အဆင်မပြေခြင်းကြောင့် TNLA ဘက်က ယခုကဲ့သို့ တရုတ်ယူနန်အစိုးရထံ အကူအညီတောင်းခံလာခြင်းဖြစ်သည်ဟု စစ်ရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။
“ဖေဖော်ဝါရီ ၁၄ ရက်က ကွတ်ခိုင်ဖြစ်စဉ်မှာ ကိုးကန့်ရုံးတွေကို သိမ်းပြီး ပလောင်အဖွဲ့က ၁၀ ဦးကို ဖမ်းသွားတာရှိတယ်၊ အပြန်အလှန် ဖမ်းနေကြတာပေါ့။ ကိုးကန့်ဘက်ကတော့ ကွတ်ခိုင်ကို အထူးဒေသ (၁) အဖြစ် သတ်မှတ်ထားတာမို့ အဲဒီဖြစ်စဉ်အတွက် TNLA ဘက်က တောင်းပန်စေချင်နေတာ။ FPNCC ခေါင်းဆောင်ဖြစ်တဲ့ “ဝ” အဖွဲ့ကို ဖြေရှင်းခိုင်းတာလည်း အဆင်မပြေသေးတော့ တရုတ်ကို ကြားဝင်ခိုင်းတာပဲ။ တရုတ်ဝင်တာမှ အဆင်မပြေရင် ပြဿနာက လားရှိုးအထိ ရိုက်ခတ်လာနိုင်တယ်” ဟု ၎င်းက ဆိုသည်။
MNDAA နှင့် TNLA တို့သည် ဖေဖော်ဝါရီ ၁၄ ရက်က ကွတ်ခိုင်မြို့တွင် ဖြစ်ပွားခဲ့သည့် အငြင်းပွားမှုမှစတင်ကာ စစ်ရေးတင်းမာလာခြင်းဖြစ်ပြီး၊ လက်ရှိတွင် MNDAA က TNLA ထိန်းချုပ်ရာဒေသများသို့ စားသောက်ကုန်နှင့် စက်သုံးဆီများ မရောက်ရှိနိုင်အောင် လမ်းကြောင်းများ ပိတ်ဆို့ထားကြောင်း သိရသည်။
#MeKongNews
#TNLA
#MNDAA
#ကိုးကန့်တပ်ဖွဲ့
#လားရှိုးခရိုင်
#ရှမ်းမြောက်








