မဲခေါင်၊ ဖေဖော်ဝါရီ ၂၅
ယမန်နေ့တွင် သမ္မတထရမ့် လွှတ်တော်၌ ပြောကြားခဲ့သော နိုင်ငံတော်အခြေပြမိန့်ခွန်းကို အထက်လွှတ်တော်နှင့် အောက်လွှတ်တော်မှ ဒီမိုကရက်တစ်အမတ် ထက်ဝက်ခန့်က လွှတ်တော်ထဲမှ ထွက်ခွာ၍ သပိတ်မှောက်ခဲ့ ကြကြောင်း သိရသည်။
ပါတီအောက်ခြေ ထောက်ခံသူများက ပါတီစွဲ ပိုမိုပြသရန်နှင့် ရီပက်ဘလေကန်များအား ရင်ကြားစေ့သော သဘောထား မပြသရန် လွှတ်တော်အမတ်များကို တွန်းအားပေးနေသဖြင့်လည်း အမေရိကန်နိုင်ငံရေး ထုံးတမ်းများတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာနေသည်ကို ယင်းကြီးမားသော ကန့်ကွက်မှုက ပြသနေသည်။
ဒေါ်နယ်ထရန့် မိန့်ခွန်းစတင်ချိန်တွင် အထက်လွှတ်တော်ဒီမိုကရက် ၂၀ ဦး နှင့် အောက်လွှတ်တော် ဒီမိုကရက်အမတ် ၁၁၀ ဦးသာ ရှိကြောင်း Axios သတင်းဌာန၏ ရေတွက်မှုက တွေ့ရှိခဲ့ပြီး ၎င်းအရေအတွက်သည် ဒီမိုကရက်အမတ် စုစုပေါင်း၏ ထက်ဝက်ခန့်သာ ရှိသည်။
ထရမ့်မိန့်ခွန်းအား သပိတ်မှောက်သူများတွင် အောက်လွှတ်တော် ဒီမိုကရက်အမတ် ထိပ်ပိုင်းခေါင်းဆောင် အများအပြား ပါဝင်ပြီး အထင်ရှားဆုံးမှာ လူနည်းစု စည်းကမ်းထိန်းသိမ်းရေးမှူး မက်ဆာချူးဆက်အမတ် ကက်သရင်းကလာ့ခ် ဖြစ်ကာ ဒေါ်နယ်ထရမ့်က အမေရိကန် ပြည်သူလူထုကို လိမ်နေသည်ကို နားထောင်ခြင်းထက် မဲဆန္ဒနယ်မှ ပြည်သူများ ပြောကြားသည်ကို သွားနားထောင်မည်ဟု မစ္စက်ကလာ့ခ်က ထရမ့်မိန့်ခွန်းမတိုင်မီ ပြောသည်။
အချို့ ဒီမိုကရက် အမတ်များကလည်း ထရမ့် မိန့်ခွန်းပြောနေချိန်တွင် ခန်းမထဲမှ ထွက်ခွာ၍ ကန့်ကွက်ခဲ့ကြသည်။
ထို့ပြင် မိန့်ခွန်းပြောနေချိန်တွင် အော်ဟစ် ကန့်ကွက်ခဲ့ကြသော အမတ်များလည်းရှိပြီး တက္ကဆက် လွှတ်တော်အမတ် အယ်လ်ဂရင်းက “ လူမည်းများသည် မျောက်များမဟုတ်ပါ” ဟူသော စာတန်းကို ကိုင်ဆောင်၍ ဆန္ဒပြခဲ့ပြီး ပြန်ထိုင်ရန်လည်း ငြင်းဆန်နေခဲ့ရာ လုံခြုံရေးများက ၎င်းကို ခေါ်ထုတ်သွားခဲ့သည်။
အေးကျော်
Ref: Axios
#MeKongNews
#ထရမ့်
#နိုင်ငံတော်အခြေပြမိန့်ခွန်း
#ဒီမိုကရက်အမတ်
#သပိတ်မှောက်








