မဲခေါင်၊ ဖေဖော်ဝါရီ ၂၅
နျူးကလီးယား လက်နက်များကို တရုတ်နိုင်ငံက အကြီးအကျယ် တိုးမြှင့်ခဲ့ကြောင်းနှင့် လျှို့ဝှက် နျူကလီးယား စမ်းသပ်မှုများကိုလည်း လုပ်ဆောင်နေသည်ဟု ဝါရှင်တန်က စွပ်စွဲပြောကြားပြီး အနာဂတ် လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်များတွင် တရုတ်လည်း ပါဝင်ရန် ထပ်မံ တောင်းဆိုလိုက်သည်။
ထိပ်တန်း နျူကလီးယားအင်အားကြီး နိုင်ငံများဖြစ်သည့် အမေရိကန်နှင့် ရုရှားကြား ချုပ်ဆိုထားခဲ့သည့် နောက်ဆုံးလက်ကျန် လက်နက်ထိန်းချုပ်ရေးစာချုပ် – New START ယခုလ အစောပိုင်းက သက်တမ်းကုန်ဆုံးသွားခြင်းမှာ ပေကျင်းပါဝင်သော ပိုကောင်းသည့် သဘောတူညီချက်ရရန် ဖြစ်နိုင်ခြေ ထွက်ပေါ်လာခဲ့သည်ဟု ဝါရှင်တန်က ပြောသည်။
“တရုတ်နိုင်ငံက မကြုံစဖူး၊ ရည်ရွယ်ချက်ရှိရှိ၊ မြန်မြန်ဆန်ဆန်၊ လျှို့လျှို့ဝှက်ဝှက်နဲ့ နျူကလီးယားလက်နက်တွေ တည်ဆောက်ခဲ့တာကို ထည့်မတွက်ခဲ့တာက New Start လက်နက်ထိန်းချုပ်ရေးစာချုပ်ရဲ့ အကြီးမားဆုံး ချွတ်ယွင်းချက် ဖြစ်နိုင်ပါတယ်” ဟု ခရစ်တိုဖာယောက ဆိုသည်။
၃ ပွင့်ဆိုင် သဘောတူညီချက်အတွက် ဆွေးနွေးပွဲများလုပ်ရေး တောင်းဆိုမှုများကို တရုတ်က လူသိရှင်ကြား ပယ်ချထားသည်။
New START စာချုပ်တွင် ကြီးမားသော ချွတ်ယွင်းချက် ရှိနေသည်ဟု အမေရိကန် လက်နက်ထိန်းချုပ်ရေးနှင့် မပြန့်ပွားရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ခရစ္စတိုဖာယောက ဂျီနီဗာမြို့ လက်နက်ဖျက်သိမ်းရေးဆိုင်ရာ ကွန်ဖရင့်တွင် ပြောသည်။
ဆန့်ကျင်ဘက်ကို ပြောကြားနေသော်လည်း တရုတ်နိုင်ငံက ၎င်းတို့၏ နျူကလီးယား လက်နက်တိုက်ကို အသည်းအသန်နှင့် အထိန်းအကွပ်မဲ့ တိုးချဲ့ခဲ့ကာ ပွင့်လင်းမြင်သာမှု မပြသသလို အန္တိမရည်မှန်းချက်ကိုလည်း ထုတ်မပြောကြောင်း ၎င်းက ဆက်ပြောသည်။
ဖေဖော်ဝါရီ ၅ ရက်က သက်တမ်း ကုန်ဆုံးသွားခဲ့သော New START သဘောတူညီချက်က အမေရိကန်နှင့် ရုရှားအား နျူကလီးယားထိပ်ဖူး ၁၅၅၀ စီသာ ထားရှိရန် ကန့်သတ်ထားသော်လည်း တရုတ်က ထိုအရေအတွက်နားသို့ နီးကပ်လာနေပြီဟုလည်း ၎င်းက ဆိုသည်။
တရုတ်၏ နျူကလီးယားလက်နက်တိုက် တိုးချဲ့မှုကို ရုရှားက ပါဝင်ကူညီနေသည်ဟုလည်း အမေရိကန်အရာရှိကြီးက စွပ်စွဲ ပြောကြားသည်။
အေးကျော်
Ref: AFP
#MeKongNews
#နျူကလီးယား
#လက်နက်တိုက်
#တရုတ်
#တိုးချဲ့
#အမေရိကန်








