မဲခေါင်၊ ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်အတွင်း ယခုနှစ်များအတွင်း ဘိန်းစေ့မှ ထုတ်လုပ်သော ဘိန်းဆီကို ဟင်းချက်ဆီအဖြစ် နေ့စဉ် အသုံးပြု စားသုံးသူများ တဖြည်းဖြည်း များလာနေပြီး ယင်းကြောင့် ကျန်းမာရေး ထိခိုက်သူလည်း ပိုများလာကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသတွင်း၌ စားသုံးဆီများ စျေးနှုန်း မြင့်တက်လာခြင်း၊ စီးပွားရေး အခက်အခဲများ ရင်ဆိုင်နေရခြင်းတို့ကြောင့် စျေးနှုန်းသက်သာပြီး ရရှိရန် လွယ်ကူသည့် ဘိန်းဆီကို ဟင်းချက်ဆီအဖြစ် အစားထိုး အသုံးပြုလာကြခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“ဆီစျေးက အရမ်းမြင့်နေတော့ မဝယ်နိုင်ကြဘူး။ ဒါကြောင့် ဘိန်းစေ့ကနေ ဆီပြန်ကြိတ်ပြီး သုံးလာကြ တာပါ။ ဒီနှစ်မှ မဟုတ်ဘဲ ပြီးခဲ့တဲ့ ၃/၄ နှစ်လောက်ကတည်းက စားသုံးနေကြတာပါ “ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
ဘိန်းဆီကို အချိန်ကြာ စားသုံးလာခြင်းကြောင့် မူးဝေမှု၊ ခေါင်းကိုက်ခြင်း၊ အစာမကြေခြင်း၊ သွေးဖိအား မမှန်ခြင်း၊ လေဖြတ်ခြင်း စသည့် ကျန်းမာရေး ပြဿနာများ ဖြစ်နေကြောင်းလည်း ဒေသခံများက ဆိုသည်။
ဘိန်းစေ့မှ ထုတ်လုပ်သော ဆီကို စားသုံးခြင်းသည် ကျန်းမာရေးနှင့် မညီညွတ်ကြောင်း ကျေးရွာအတွင်းရှိ ဆေးပေးခန်းများမှ ကျန်းမာရေး ဝန်ထမ်းများက သတိပေးထားသော်လည်း အစားအသောက် ဆီစျေးနှုန်းများ ဆက်လက် မြင့်တက်နေသဖြင့် ဘိန်းဆီကိုသာ ဆက်လက် အသုံးပြုနေရကြောင်း ပြောသည်။
ဒေသခံများ အနေဖြင့် အခြား အစားအသောက်ဆီများ ရရှိနိုင်ရေး၊ စျေးနှုန်း တည်ငြိမ်ရေးနှင့် ကျန်းမာရေး အသိပညာပေး လုပ်ငန်းများ အရေးတကြီး လိုအပ်နေကြောင်း ပြောဆိုလာကြပြီး သက်ဆိုင်ရာ အဖွဲ့အ စည်းများမှ လေ့လာစစ်ဆေးကာ ကိုင်တွယ် ဖြေရှင်းပေးရန်လည်း တောင်းဆိုထားကြသည်။
လက်ရှိတွင် ပင်လောင်းဒေသအတွင်း ဘိန်းဆီစားသုံးမှု တိုးလာခြင်းသည် စီးပွားရေး အခက်အခဲများနှင့် စားသုံးဆီ စျေးကွက် အခြေအနေများနှင့် တိုက်ရိုက် ဆက်စပ်နေပြီး အချိန်မီ ဖြေရှင်းနိုင်ခြင်း မရှိပါက ဒေသခံများ၏ ကျန်းမာရေးအပေါ် အန္တရာယ်များ ပိုမို ကြီးမားလာနိုင်ကြောင်း ကျန်းမာရေးဝန်ထမ်းများက သုံးသပ်ထားကြသည်။
#MeKongNews
#ဘိန်းဆီ
#ပင်လောင်း
#ဒေသခံများ
#ကျန်းမာရေး








