မဲခေါင်၊ ဖေဖော်ဝါရီ ၂၃
ကျိုင်းတုံမြို့မှာ မီတာခတွေ ၂ ဆနှင့်အထက် ပိုမိုကျသင့်လာသည့်အတွက် အခက်တွေ့နေကြောင်း မြို့ခံများက ပြောသည်။
ကျိုင်းတုံ EPC မှ ဝန်ထမ်းများသည် မီတာခများကို ကောက်ခံရာတွင် မီတာလာရောက်ဖတ်ရှုခြင်းမရှိဘဲ ၎င်းတို့သဘောအတိုင်း ယူနစ်များကို ခန့်မှန်းရေးသွင်းကာ ပိုမိုတောင်းခံနေခြင်းဖြစ်ကြောင်း၊ ယင်းသို့ကောက်ခံသည့်အတွက် မီတာခမှာ ယခင်လများထက် ၂ ဆမက ပိုမို ကျသင့်လာကြောင်း မြို့ခံများထံမှ သိရသည်။
“မီတာလာဖတ်တဲ့သူတွေက အိမ်မှာလူရှိရင်တောင် မခေါ်ဘဲ သူတို့သဘောနဲ့သူတို့ ရေးထည့်သွားတာ။ ရုံးသွားပြောတော့လည်း အဆင်မပြေတဲ့အပြင် အော်လွှတ်တာမျိုးတွေတောင် ရှိတယ်။ ပုံမှန် ၃ သိန်း၊ ၄ သိန်းပဲ ကျသင့်ရမှာကို အခုက ၈ သိန်းခွဲလောက်အထိ ပေးနေရတယ်” ဟု မြို့ခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
အခြားမြို့ခံတစ်ဦးကလည်း မီတာလာမဖတ်ဘဲ မှန်းထည့်နေသဖြင့် အမှန်တကယ်သုံးစွဲသည့် ယူနစ်နှင့် ၇၀ မှ ၁၀၀ အထိ ကွာဟနေကြောင်း၊ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကမူ ယူနစ် ၂၀၀ နီးပါးအထိ ကွာဟခဲ့ကြောင်း ဆိုသည်။
“ရုံးကိုသွားပြောရင်လည်း ဟိုလွှဲဒီလွှဲနဲ့ သေချာတဲ့အဖြေမပေးဘူး။ အခု ရပ်ကွက် (၁) ဘက်မှာဆို လက်ရှိ မီတာပေါ်မှာ လက်ရှိရှိတဲ့ ယူနစ်ထက်ကို မီတာခစာရွက်ထဲမှာက ပိုများနေတယ်။ အပြင်မှာ အဲဒီယူနစ်တောင် မရောက်သေးဘူး” ဟု ၎င်းက ဆက်ပြောသည်။
ပုံမှန်အိမ်သုံးယူနစ်များတွင် ယခင်လများက မီတာခ ကျပ် ၁ သောင်းကျော်မှ ၂ သောင်းကျော်ခန့်သာ ကျသင့်လေ့ရှိသော်လည်း လက်ရှိတွင် ကျပ် ၃သောင်းခွဲ၊ ၄သောင်း ကျသင့်နေကြောင်း ဒေသခံများထံမှ သိရသည်။
ကျိုင်းတုံမြို့ EPC ရုံးသည် မီတာခကောက်ခံရာတွင် ဝန်ထမ်းများ၏ ဆက်ဆံရေးမပြေပြစ်ခြင်း၊ မီတာခများကို ထင်သလိုကောက်ခံခြင်းတို့ကြောင့် ယခင်နှစ်များကတည်းက မြို့ခံများ၏ ပြင်းထန်စွာ ဝေဖန်ခြင်းကို ခံနေရသူများဖြစ်သည်။
သို့သော် ယခုအချိန်အထိ တစ်စုံတစ်ရာ ပြင်ဆင်မှုမရှိဘဲ ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် သုံးစွဲသူပြည်သူများက ပြစ်တင်စွပ်စွဲလျက်ရှိကြသည်။
#MeKongNews
#ကျိုင်းတုံ
#လျှပ်စစ်မီး
#မီတာခ
#အလွဲသုံးစားလုပ်
#ရှမ်းအရှေ့








