မဲခေါင်၊ ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်တောင်ပိုင်း၊ လင်းခေးခရိုင်၊ ဝမ်ဟတ်ဒေသတွင် စစ်ကောင်စီအတွက် စစ်မှုထမ်းကြေးနှင့် ပြည်သူ့စစ် ရန်ပုံငွေအတွက် ငွေကြေးများကို တိုးမြှင့် ကောက်ခံလာခြင်းကြောင့် ပြည်သူများ အခက်အခဲကြုံတွေ့နေကြောင်း ဒေသခံများထံမှ သိရသည်။
ယခုတစ်ပတ်အတွင်း စစ်ကောင်စီဘက်မှ စစ်မှုထမ်းကြေးအဖြစ် တစ်အိမ်ထောင်လျှင် ကျပ်တစ်သောင်းနှုန်း လစဥ် ကောက်ခံနေသည့်အပြင် ပြည်သူ့စစ်ရန်ပုံငွေအတွက်လည်း ကျပ်တစ်သောင်းနှုန်း ထပ်မံကောက်ခံနေကြောင်း သိရသည်။
“အရင်နှစ်တုန်းက တစ်အိမ်ထောင်ကို ကျပ်တစ်ထောင်နှုန်းသာ ကောက်ခံခဲ့ပါတယ်။ အခုနှစ်မှာတော့ ကျပ်တစ်သောင်းအထိ တိုးမြှင့်ကောက်ခံလာတာ ဖြစ်ပါတယ်။ နောက်နှစ်မှာ ဒီထက်ပိုပြီး တိုးလာမလားဆိုတာ မသိနိုင်ပါဘူး။ အခုအချိန်မှာ ကုန်စျေးနှုန်းတွေ မြင့်တက်နေတဲ့အတွက် ယခုလို ထပ်မံ ကောက်ခံတာဟာ ငွေကြေးတတ်နိုင်သူတွေအတွက် ပြဿနာမရှိပေမဲ့ ဒေသခံအများစုက လယ်သမားများဖြစ်တဲ့အတွက် အခက်အခဲများစွာ ရှိပါတယ်” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
ဝမ်ဟတ်ဒေသသည် ပြည်သူ့စစ်နယ်မြေဖြစ်ရာ ဒေသခံများ အနေဖြင့် ပြည်သူ့စစ်အဖွဲ့တွင် အလှည့်ကျ တာဝန်ထမ်းဆောင်ရသောကြောင့် လူငယ်အများစုမှာ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်နေကြပြီး ဒေသတွင် သက်ကြီးရွယ်အိုများသာ ကျန်ရစ်ကြောင်း ဒေသခံများက ဆိုသည်။
လူငယ်များအနေဖြင့် တာဝန် မထမ်းဆောင်လိုပါက လူစားရှာရပြီး လူစားခအနေဖြင့် ၁၂ သိန်းကျပ်မှ သိန်း ၂၀ ဝန်းကျင်အထိ ပေးရကြောင်းလည်း ဒေသခံက ဆိုသည်။
ယင်းငွေများကို သက်ဆိုင်ရာကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်များက ကောက်ခံနေကြပြီး၊ စစ်မှုထမ်းကြေးကိုမူ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက အစည်းအဝေးခေါ်ယူကာ ဆယ်အိမ်မှူးများမှတစ်ဆင့် ကောက်ခံနေကြောင်း ဒေသခံများက ပြောသည်။
ယခုကဲ့သို့ စစ်မှုထမ်းကြေးနှင့် ပြည်သူ့စစ်ရန်ပုံငွေ ၂ မျိုးစလုံး ပေးနေရခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် ၂ ဆင့် ငွေပေးရသကဲ့သို့ ဖြစ်နေပြီး စားဝတ်နေရေးအခက်အခဲများ ပိုမိုဆိုးရွားလာနေကြောင်း ဒေသခံများက ဆိုသည်။
#MeKongnews
#ဝမ်ဟတ်ဒေသ
#စစ်မှုထမ်းကြေး
#ပြည်သူ့စစ်ရန်ပုံငွေ
#တိုးကောက်








