မဲခေါင်၊ ဖေဖော်ဝါရီ ၁၃
နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ – Transparency International က ထုတ်ပြန်သည့် ၂၀၂၅ ခုနှစ် အဂတိလိုက်စားမှု အညွှန်းကိန်း – CPI တွင် နိုင်ငံပေါင်း ၁၈၂ နိုင်ငံအနက် အဆင့် ၁၆၃ ရရှိခဲ့ပြီးနောက် ယင်းညွှန်းကိန်းမှာ မှားယွင်းနေသည်ဟု ကမ္ဘောဒီးယား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဌာန – ACU က တုံ့ပြန်ပယ်ချလိုက်သည်။
ယခုနှစ် ညွှန်းကိန်းတွင် ကမ္ဘောဒီးယားနိုင်ငံ၏ ရမှတ်မှာ ၁၀၀ လျှင် ၂၀ မှတ်သာ ရရှိခဲ့ပြီး ယခင်နှစ်က ရရှိခဲ့သော ၂၁ မှတ်ထက် လျော့နည်းသွားခြင်းဖြစ်သည်။
ထိုညွှန်းကိန်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ လက်ရှိ အခြေအနေမှန်ကို တိကျစွာ ထင်ဟပ်ခြင်း မရှိကြောင်း ယင်းအဆင့် သတ်မှတ်ချက်များသည် Transparency International ၏ ကိုယ်ပိုင်တွက်ချက်မှု နည်းစနစ်များအပေါ်တွင်သာ အခြေခံထားခြင်းဖြစ်ကြောင်း ACU ပြောရေးဆိုခွင့်ရှိသူ ဆွိုင်းချန်ဗီချကက် ပြောကြားသည်။
ကမ္ဘောဒီးယားသည် ယခုနှစ် ညွှန်းကိန်းတွင် နိုင်ငံနှင့် နယ်မြေပေါင်း ၁၈၂ ခုအနက် အဆင့် ၁၆၃ တွင် ရှိနေသည်။
အာဆီယံဒေသတွင်းတွင်မူ မြန်မာနိုင်ငံ၏ အထက်၊ အောက်ဆုံးမှ ဒုတိယမြောက်အဆင့်တွင် တည်ရှိနေခြင်းဖြစ်ပြီး မြန်မာ၏ CPI ညွှန်းကိန်းမှာမူ အဆင့် ၁၆၉ တွင်ရှိနေသည်။
CPI အညွှန်းကိန်းသည် ပြည်သူ့ကဏ္ဍအတွင်း အဂတိလိုက်စားမှု ရှိနေသည်ဟု ယူဆရသည့် အတိုင်းအတာကို ရမှတ် သုည (အဂတိလိုက်စားမှု အလွန်များ) မှ ၁၀၀ (အဂတိကင်းစင်) အထိ သတ်မှတ်တိုင်းတာခြင်းဖြစ်ပြီး ယခုနှစ် ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှရမှတ်မှာ ၄၂ မှတ် ဖြစ်သည်။
ကမ္ဘောဒီးယား၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုများသည် ၂၀၀၇ ခုနှစ်ကတည်းက အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည့် ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း – UNCAC ၏ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းနှင့် ကုလသမဂ္ဂ၏ ယန္တရားအောက်တွင် အပြန်အလှန် စစ်ဆေးသုံးသပ်မှု ၂ ကြိမ်တိုင် ခံယူခဲ့ပြီး ဖြစ်ကြောင်းလည်း ချန်ဗီချက်က ထည့်သွင်း ပြောကြားခဲ့သည်။
အခြားတစ်ဖက်တွင်မူ အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ရရှိစေရေး အုပ်ချုပ်ရေးယန္တရားကို အားကောင်းအောင် လုပ်ဆောင်ရန်နှင့် အခြေခံ လွတ်လပ်ခွင့်များကို ကာကွယ်ပေးရန် အပါအဝင် ပိုမိုကျယ်ပြန့်သည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် Transparency International Cambodia ၏ အမှုဆောင်ဒါရိုက်တာ ဆင်ပူသီယာရီ Sin Putheary တိုက်တွန်း ပြောကြားခဲ့သည်။
#MeKongnews
Ref:Khaosod
#အဂတိလိုက်စားမှု
#အဆိုးရွားဆုံး
#ညွှန်းကိန်း
#ကမ္ဘောဒီးယား
#ပယ်ချ








