မဲခေါင်၊ ဖေဖော်ဝါရီ ၁၂
ရှမ်းပြည်တောင်ပိုင်း၊ ကဒူးကြီးဒေသ၊ ဗန်းမတ်ရွာကို စစ်ကောင်စီလက်အောက်ခံ PNO က ယမန်နေ့တွင် အသေခံဒရုန်းများ၊ လက်နက်ကြီးများဖြင့် တစ်နေကုန်နီးပါး တိုက်ခိုက်လာခဲ့ကြောင်း PNLO ပြန်ကြားရေးက မဲခေါင်သို့ ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၁၁ ရက်က ဗန်းမတ်ရွာအတွင်း PNO တစ်နေကုန် လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သည့်အပြင် အသေခံ ဒရုန်းများနှင့်လည်း တိုက်ခိုက်ခဲ့ကြောင်း သိမ်းဆည်းမိ ဒရုန်းပုံများပါ ဆက်သွယ်ပေးပိုခဲ့သည်။
“ပုံအချို့က ရွာထဲထိတဲ့ နေရာတွေပါ၊ ကားပေါ်တွေ့ရတဲ့ကြိုးတွေက အသေခံဒရုန်းမှာ သုံးတဲ့ အော့တစ်ကြိုးတွေ၊ ဖရီကွင်စီ မသုံးတဲ့ အမျိုးအစားပါ၊ ရွာထဲကို အခုလို တိုက်ခိုက်လို့ ရွာသူရွာသားတွေလည်း ထွက်ပြေးနေကြရတယ်။ ဒါဟာ PNO ဟာ ကိုယ့်အမျိုးသားချင်း ကျုးလွန်လွန်တဲ့ စစ်ရာဇဝတ်မှုပါ” ဟု PNLO ပြောခွင့်ရ ခွန်ရိန်းယံက မဲခေါင်သို့ ပြောသည်။
စစ်ကောင်စီ PNO သည် ဖေဖော်ဝါရီ ၁ ရက် ကတည်းက နောင်ထောင်၊ ဗန်းမောက်၊ ဟန်းဗွ ကျေးရွာများကို မြေပြင်ထိုးစစ်ဆင်သော်လည်း အကျအဆုံးများကာ အလောင်းပင် မကောက်နိုင်သည့် အခြေအနေ ရှိနေသဖြင့် လက်နက်ကြီး၊ ဒရုန်းများဖြင့်သာ နေ့စဥ် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။
#MeKongnews
#ဗန်းမတ်
#PNO
#ဒရုန်း
#PNLO








