မဲခေါင်၊ ဖေဖော်ဝါရီ ၁၁
အရှေ့အလယ်ပိုင်းသို့ ဒုတိယလေယာဉ်တင် သင်္ဘောအုပ်စုအား စေလွှတ်ရေး ဖြစ်နိုင်ခြေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အရိပ်အမြွက် ပြောကြားသည်ဟု အမေရိကန် သတင်းဝက်ဘက်ဆိုက် Axios က ဖော်ပြသည်။
တီဟီရန်၏ နျူကလီးယားဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်ပတ်သက်၍ အမေရိကန်နှင့် အီရန်ကြား ဆွေးနွေးမှုများ လုပ်ဆောင်နေစဉ် ထိုသို့ သတင်းထွက်လာခြင်း ဖြစ်သည်။
အီရန်နှင့် ဆွေးနွေးမှုများ မအောင်မြင်ခဲ့ပါက စစ်ရေးအတွက် ပြင်ဆင်နိုင်ရန် ဒုတိယမြောက် လေယာဉ်တင် သင်္ဘောအုပ်စုအား စေလွှတ်သွားရေးကို စဉ်းစားနေသည်ဟု ထရမ့်က Axios နှင့် ယမန်နေ့ တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားသည်။
“ကျနော်တို့ သဘောတူညီချက် ရရင်ရ၊ မဟုတ်ရင်တော့ အရင်တစ်ခါကလို ကြမ်းတမ်းတာ တစ်ခုခု လုပ်သွားရပါလိမ့်မယ်” ဟု ထရမ့်က အင်တာဗျူးတွင် ပြောသည်။
ယမန်နှစ် ဇွန်လတွင် အမေရိကန်က အီရန်နိုင်ငံမှ နျူကလီးယား စခန်းများကို တိုက်ခိုက်ခဲ့သည်။
သို့သော် သံတမန်ရေးအရ အဖြေရှာနိုင်ရေးကိုလည်း ထရမ့်က အပြုသဘောဖြင့် ပြောကြားခဲ့သည်ဟု Axios က ဆိုသည်။
တီဟီရန်က သဘောတူညီချက်တစ်ရပ် အလွန်အမင်း လိုချင်နေကြောင်းနှင့် စစ်ရေး ခြိမ်းခြောက်မှုများကြောင့်လည်း ယခင်အကြိမ်များထက် ပို၍ လေးလေးနက်နက် ဆွေးနွေးနကြောင်း ထရမ့်ကို ကိုးကား၍ သတင်းက ဖော်ပြသည်။
ဆက်လက်၍လည်း အီရန်၏ နျူကလီးယား အစီအစဉ်သာမက ၎င်းတို့၏ ပဲ့ထိန်းဒုံးကျည် အစုအဝေးနှင့် သက်ဆိုင်သော သဘောတူညီချက် ရယူနိုင်ဖွယ်ရှိကြောင်းလည်း ထရမ့်က ဆိုသည်။
၂ ဖက်ဆွေးနွေးပွဲများကို လာမည့်သီတင်းပတ်တွင် ဆက်လက်ကျင်းပမည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်ပြောသည်။
၂ နိုင်ငံ အဆင့်မြင့် အရာရှိများကြား ဆွေးနွေးမှုကို ယနေ့ ပြန်လည် ကျင်းပနေချိန်မှာပင် အမေရိကန်က အီရန်အပေါ် စစ်ရေးအရ ဆက်လက် ဖိအားပေးနေကာ နျူကလီးယားစွမ်းအင်သုံး USS Abraham Lincoln လေယာဉ် တင်သင်္ဘောအုပ်စုကို အီရန်အနီး အာရေဗျပင်လယ်ပြင်သို့ ပို့ဆောင်ထားပြီး ဖြစ်သည်။
အေးကျော်
Ref: NHK
#MeKongnews
#အီရန်
#ဖိအားပေး
#လေယာဉ်တင်သင်္ဘော
#စေလွှတ်
#ထရမ့်








