မဲခေါင်၊ ဖေဖော်ဝါရီ ၉
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည် ထပ်ဆင့် ဖြစ်ပေါ်နေသော အကျပ်အတည်းများနှင့် သိသာထင်ရှားသော ကြံ့ကြံ့ခံနိုင်စွမ်းတို့အကြား အရေးကြီးသည့် အလှည့်အပြောင်း တစ်ရပ်သို့ ရောက်ရှိနေပြီး ပဋိပက္ခဒဏ် အဆိုးရွားဆုံးခံရသည့် အချို့ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အထက်တန်းကျောင်း အပ်နှံမှုနှုန်း (NER) မှာ ၅ ရာခိုင်နှုန်းခန့်အထိသာ ရှိတော့ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအသစ်တွင် ဖော်ပြထားသည်။
အသက်ငယ်သော ကလေးငယ်များ ကျောင်းသို့ ပိုမိုပြန်လည် ရောက်ရှိလာကြသော်လည်း အသက် ၁၅ နှစ်မှ ၁၇ နှစ်ကြားရှိ လူငယ်များသည် ပညာဆက်လက် သင်ယူနိုင်ရေးအတွက် ကြီးမားသော၊ သို့မဟုတ် ပြန်လည် မပြင်ဆင်နိုင်သော အတားအဆီးများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်ဟု အစီရင်ခံစာတွင် ဆိုထားသည်။
မူလတန်းကျောင်း အပ်နှံမှုနှုန်းသည် COVID-19 ကပ်ရောဂါနှင့် နိုင်ငံရေး အကျပ်အတည်းများ မတိုင်မီ (အထူးသဖြင့် ၂၀၁၆ – ၁၇ အခြေခံခန့်မှန်းချက်များနှင့် နှိုင်းယှဉ်ပါက) အခြေအနေသို့ အတော်အတန် ပြန်လည် ရောက်ရှိလာပြီ ဖြစ်သော်လည်း အလယ်တန်းနှင့် အထက်တန်းအဆင့် ပညာရေးတွင် ပါဝင်ခွင့် ရရှိမှုမှာမူ ဆိုးရွားစွာ ကန့်သတ်ခံထားရဆဲဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။
နှစ်ရှည်လများ ဖြစ်ပွားနေသော ပဋိပက္ခများ၊ နိုင်ငံရေး မတည်ငြိမ်မှုနှင့် စီးပွားရေးဖိအားများ နောက်ပိုင်းတွင် ထွက်ပေါ်လာသော နောက်ဆုံးရ အချက်အလက်များအရ တိုးတက်မှုအချို့ ရှိသကဲ့သို့ အားနည်းချက်များလည်း ရှိနေဆဲဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကျောင်းပြင်ပ ရောက်နေသည့် ကလေးငယ် အားလုံး၏ ၆၀ ရာခိုင်နှုန်းနီးပါးသည် ယင်းအသက်ပိုင်းခြား အုပ်စုတွင် ပါဝင်နေကြောင်း ကမ္ဘာ့ဘဏ်က ထောက်ပြထားသည်။
Ref: World Bank
#MeKongNews
#မြန်မာနိုင်ငံ
#ပဋိပက္ခဒဏ်
#ဒေသများတွင်
#အထက်တန်းကျောင်း
#ကမ္ဘာ့ဘဏ်








