မဲခေါင်၊ ဖေဖော်ဝါရီ ၆
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ – RCSS က ဦးဆောင် ကျင်းပသည့် ပထမအကြိမ် ရှမ်းပြည် အမျိုးသားညီလာခံတွင် ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးဆိုင်ရာ အခြေခံမူများကို အတည်ပြုခဲ့ကြောင်း ယနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။
ရှမ်းပြည် အမျိုးသားညီလာခံကို RCSS ဌာနချုပ် လွယ်တိုင်းလျံတွင် ဖေဖော်ဝါရီ ၂ ရက်မှ ၄ ရက်အထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။
ယင်းညီလာခံတွင် ရှမ်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအတွက် အခြေခံမူ ၃၃ ချက်နှင့် အခြေခံအခွင့်အရေး ၃၈ ချက် တို့ကို ဆွေးနွေးအတည်ပြုနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အဆိုပါ အတည်ပြုချက်များကို အကောင်အထည်ဖော်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက် နိုင်ရန် ရှမ်းပြည်ဖက်ဒရယ်ရေးရာ ဦးဆောင်အဖွဲ့ ကို ကနဦးဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။
ယင်းညီလာခံတွင် ရှမ်းပြည်နယ်အတွင်းရှိ လူမျိုးစုများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ ရေရှည် တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူ အခွင့်အရေးများ ဖော်ဆောင်နိုင်ရေး၊ ရှမ်းပြည်ကို ကိုယ်စားပြုသည့် နိုင်ငံရေးစုဖွဲ့မှုတစ်ရပ် ပေါ်ထွန်းလာရေး စသည့် အချက်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
ယင်းလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကြရန် ရှမ်းပြည်နယ်အတွင်းရှိ အဖွဲ့အစည်းများနှင့် လူမျိုးစု အားလုံးကိုလည်း ကမ်းလှမ်း ဖိတ်ခေါ်ထားသည်။
ပထမအကြိမ် ညီလာခံသို့ သံဃာတော်များ၊ ရှမ်းပြည်နယ်အတွင်းရှိ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ လူငယ်အဖွဲ့များနှင့် မြို့နယ်အသီးသီးမှ ကိုယ်စားလှယ် စုစုပေါင်း ၁၀၅ ဦး တက်ရောက်ခဲ့ကြသည်။
လက်ရှိတွင် သဘောတူညီချက်များ၏ အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ထားခြင်း မရှိသေးဘဲ ညီလာခံ ပြောရေးဆိုခွင့်ရှိသူများထံ ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပေ။
#MeKongnews
#ရှမ်းပြည်အမျိုးသားညီလာခံ
#ကျင်းပ
#ဖွဲ့စည်းပုံအခြေခံဥပဒေ
#ရေးဆွဲ








