မဲခေါင်၊ ဖေဖော်ဝါရီ ၆
ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲပိုင်းမှ စတင်ပြီး တာချီလိတ်တွင် မြန်မာစစ်တပ်နှင့်သက်ဆိုင်ရာ အဖွဲ့အစည်း များသည် အွန်လိုင်းကျားဖြန့်ငွေလိမ်အလုပ်များလုပ်ဆောင်နေသော တရုတ်များကို ဟိုတယ်များအနှံ့ ရှာဖွေဖမ်းဆီးနေရာ ထွက်ပြေးသည့် ကျားဖြန့်တရုတ် ၈ ယောက်အား ထိုင်းဘက်ခြမ်း ချင်းဆန်၊ မူအန်းဖောင်အရပ်၌ ထိုင်းလုံခြုံရေးအဖွဲ့ဝင်များက ညပိုင်းတွင် ဖမ်းဆီးခဲ့သည်။
ယင်းတရုတ် ၈ ယောက်သည် နမ်ရက်ခ်မြစ်ကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်း ဝင်ပြေးလာခြင်း ဖြစ်ကာ နေပြည်တော်မှ စစ်ကောင်စီ၏ အထူး ကျားဖြန့်နှိမ်နင်းရေး စီမံချက်အဖြစ် တာချီလိတ်တွင် ရှာဖွေစစ်ဆေးမှုတွင် ထိုင်းလူမျိုး ၂၀၀ ကျော်ကိုပါ ဖမ်းဆီး စစ်ဆေးနေသည်ဟု ကနဦးသတင်းများ ထွက်ပေါ်နေသည်။
ထိုင်းစစ်တပ်နှင့်ပူးပေါင်းစစ်ဆင်ခြင်းဖြစ်သောကြောင့် ထိုင်းဘက်မှ တာချီလိတ်တစ်ဖက်ကမ်းရှိ မူအန်ဖောင်၊ ဝီယန်၊ ချင်းဆန်၊ ချင်းရိုင် နယ်စပ်ဒေသများတွင် လုံခြုံရေးတိုးမြှင့်ကာ ခိုးဝင်လာခြင်း မရှိစေရန် ပိတ်ဆို့စောင့်ဆောင်းနေသည်ဟုလည်း ဆိုသည်။
ဖမ်းမိသော တရုတ် ၈ ယောက်ထဲ ၇ ယောက်မှာ ၁၈ နှစ်မှ ၃၄ နှစ်ကြား အမျိုးသားများဖြစ်ပြီး ကျန် ၂၂ နှစ်အရွယ် တရုတ်အမျိုးသားမှာမူ ဇွန် ၆ ရက်အထိ ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်ခွင့် ရယူထားသူဖြစ်သည်။
အားလုံးသည် ထိုင်းနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်လာမှုဖြင့် ထိုင်းဥပဒေအရ အရေးယူခံရမည်ဖြစ် ကြောင်းလည်း ထိုင်းဘက်မှ ထုတ်ပြန်ထားသည်။
ကိုကလင်း
Ref: Maesaipress
#MeKongNews
#မယ်ဆိုင်
#တာချီလိတ်
#ကျားဖြန့်
#တရားမဝင်တရုတ်နိုင်ငံသား








