မဲခေါင်၊ ဇန်နဝါရီ ၂၇
တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်တွင် ဒုတိယအကြီးဆုံး ပုဂ္ဂိလ်အဖြစ် ရှီကျင့်ဖျင်ကိုယ်တိုင် သတ်မှတ် နေရာပေးထားသော ဗိုလ်ချုပ်ကြီး ကျန်းယိုရှားကို အမေရိကန်ထံသို့ တရုတ်နိုင်ငံ၏ နည်းပညာ လျှို့ဝှက်ချက်များ ပေါက်ကြားစေမှုဖြင့် ရာထူးမှ ဖယ်ရှားကာ စုံစမ်းအရေးယူရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။
အသက် ၇၅ နှစ်ရှိပြီဖြစ်သော ကျန်းယိုရှားသည် တရုတ်စစ်ဘက်တွင် အရေးအပါဆုံးဖြစ်သည့် ဗဟိုစစ်ကော်မရှင် -CMC ဒုတိယဥက္ကဌ ၂ ဦးထဲမှ တစ်ဦးဖြစ်ပြီး နှစ်ပေါင်းများစွာ ရှီကျင့်ဖျင်နှင့် မဟာမိတ်အဖြစ် လူသိများသူဖြစ်သည်။
အမေရိကန်၏ Wall Street Journal က ကျန်းယိုရှား၏ နီးစပ်သည့် မိသားစုဝင်များနှင် ့ဆက်သွယ်မေးမြန်းရာ တရုတ်ကွန်မြူနစ်ပါတီကို ပုန်ကန်နိုင်ရေး ဩဇာလွှမ်းမိုးသူများ ပါဝင်သည့်အဖွဲ့များ လျှို့ဝှက်ဖွဲ့စည်းခြင်း၊ အမေရိကန်သို့ နိုင်ငံ နျူကလီးယား နည်းပညာများ ပေါက်ကြား ရောက်ရှိစေခြင်းနှင့် အကျင့်ပျက် လာဘ်စားခြင်းများကြောင့် ရာထူးမှ ထုတ်ပယ်ကာ စစ်ဆေးနေခြင်းဖြစ်သည်ဟု ဆိုသည်။
ကျန်းယိုရှားသည် တရုတ်တပ်မတော် ခေတ်မီတိုးတက်ရေး နည်းပညာပိုင်း အထူးအားပြု ကြိုးပမ်းသည့် ခေါင်းဆောင်တစ်ယောက် ဖြစ်သော်လည်း ယခုလို ရှီကျင့်ဖျင်က တရုတ်စစ်တပ် တစ်ရပ်လုံး မိမိဩဇာခံ သစ္စာရှိသူများ မဟုတ်လျှင် ဖြုတ်ပစ်နေသည့် လမ်းစဉ်အတိုင်း ထုတ်ပယ်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်နေကြသည်။
၂၀၁၂ ခုနှစ်က ရှီကျင့်ဖျင် တရုတ်သမ္မတ ဖြစ်လာပြီးနောက် စစ်ဘက်မှ အရာရှိ ၂ သိန်းကျော်ကို အကျင့်ပျက်ခြစား မှုတိုက်ဖျက်ရေး စီမံကိန်းအရ ထုတ်ပယ်ကာ ထိုအထဲတွင် တရုတ်လွတ်မြောက်ရေး တပ်မတော်မှ ဗိုလ်ချုပ်အဆင့် ၁၂ ဦး ပါဝင်ခဲ့ပြီ ဖြစ်သည်။
ကျန်းယိုရှားအပြင် နောက်ထပ်ဗိုလ်ချုပ် လျူကျန်းလီကိုပါ ပူးတွဲထုတ်ပယ်ခြင်းဖြစ်ရာ ၂၀၂၇ တွင် တရုတ်သည် ထိုင်ဝမ်းကို စစ်ချီသိမ်းပိုက်ရန် ပြင်ဆင်နေမှုအတွက် ယခုထုတ်ပယ်မှုမှာ အထူးသတိထား စောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်ဟု ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန်းကူးကလည်း ထုတ်ပြန်သွားခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#တရုတ်စစ်ဘက်
#ဗိုလ်ချုပ်ကြီး
#အမေရိကန်
#လျှို့ဝှက်ချက်
#ရှီကျင့်ဖျင်








