မဲခေါင်၊ ဇန်နဝါရီ ၂၇
အမေရိကန် လေယာဉ်တင်သင်္ဘောနှင့် အခြား စစ်သင်္ဘောများသည် အရှေ့အလယ်ပိုင်းသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း အမေရိကန်အရာရှိကြီး၂ ဦးက ပြောကြားခဲ့ပြီး အမေရိကန်တပ်ဖွဲ့များကို ကာကွယ်နိုင်ရန် သမ္မတ ဒေါ်နယ်ထရမ့် လုပ်ဆောင်နိုင်စွမ်းကို ချဲ့ထွင်နိုင်ခဲ့ကာ အီရန်အပေါ် စစ်ဆင်ရေး လုပ်ဆောင်နိုင်စွမ်းလည်း မြင့် တက် လာစေခဲ့သည်။
အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln နှင့် အခြား ပဲ့ထိန်းဒုံးကျည်တပ် စစ်ရေယာဉ် အများအပြားသည် အမေရိကန်ဗဟိုကွပ်ကဲရေးဌာန လက်အောက်တွင်ရှိသော အရှေ့အလယ်ပိုင်းဒေသသို့ ဝင်ရောက်သွားပြီဖြစ်ကြောင်း အရာရှိကြီးများက ပြောကြားကြသည်။
အမေရိကန်ရေတပ်ကြီး အီရန်သို့ ချီတက်နေကြောင်းနှင့် ၎င်းတို့ကို အသုံးပြုရလိမ့်မည် မဟုတ်ဟု မျှော်လင့် ကြောင်း ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
အီရန်တစ်ဝန်း ဆန္ဒပြပွဲများကို နှိမ်နင်းမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် အမေရိကန်နှင့် အီရန်ကြား တင်းမာမှုများ မြင့်တက်လာခဲ့ရာ၌ အာရှ – ပစိဖိတ်ဒေသတွင် ချထားသော ရေတပ်အုပ်စုကို ယခုလ အစောပိုင်းတွင် အရှေ့အလယ်ပိုင်းသို့ ပြောင်းရွှေ့ရန် စစ်ဦးစီးချုပ်အဖြစ် ထရမ့်က အမိန့်ပေးခဲ့သည်။
ဆန္ဒပြသူများအား အီရန်အစိုးရက ဆက်လက် သတ်ဖြတ်နေပါက ၎င်းတို့ ကြားဝင်သွားမည်ဟု ၎င်းက အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့သည်။
အမေရိကန်စစ်ဘက်သည် အတိတ်ကာလကလည်း တင်းမာမှုများ မြင့်တက်ချိန်များ၌ အရှေ့အလယ်ပိုင်းသို့ တပ်ဖွဲ့များ တိုးမြှင့် စေလွှတ်လေ့ရှိသော်လည်း အများအားဖြင့် ကာကွယ်ရေး အနေအထားအတွက် ဖြစ်သည်။
သို့ရာတွင် ပြီးခဲ့သည့်နှစ်က အီရန်နျူကလီးယား အစီအစဉ်ကို မတိုက်ခိုက်မီ အမေရိကန်စစ်ဘက်က ၎င်းဒေသတွင် တပ်ဖွဲ့များ တိုးမြှင့်ထားခဲ့သည်။
လက်၇ှိတွင် လေယာဉ်တင်သင်္ဘော USS Abraham Lincoln နှင့် အခြား စစ်သင်္ဘောများအပြင် တိုက်လေယာဉ်များနှင့် လေကြောင်းရန် ကာကွယ်ရေးစနစ်များကိုလည်း ပင်တဂွန်က အရှေ့အလယ်ပိုင်းသို့ ပို့ဆောင်နေကြောင်း သိရသည်။
အရှေ့အလယ်ပိုင်းတွင် စစ်ရေးလေ့ကျင့်သွားမည်ဟုလည်း အမေရိကန်စစ်ဘက်က သီတင်းပတ်ကုန်တွင် ကြေညာထားသည်။
မိမိတို့အပေါ် တိုက်ခိုက်မှုမှန်သမျှကို အလုံးစုံတိုက်ခိုက်မှုအဖြစ် သဘောထားသွားမည် ဖြစ်ကြောင်း အီရန် ထိပ်တန်းအရာရှိကြီးတစ်ဦးက ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားသည်။
အေးကျော်
Ref:Reuters
#MeKongNews
#အမေရိကန်
#လေယာဉ်တင်သင်္ဘော
#အရှေ့အလယ်ပိုင်း
#အီရန်








