မဲခေါင်၊ ဇန်နဝါရီ ၂၃
ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ ညောင်ဗင်ကျေးရွာရှိ ပြည်သူများကို ပအိုဝ်းပြည်သူ့စစ် – PNO တပ်ဖွဲ့ဝင်ဖြစ်ပြီး ပွဲစားလုပ်ကိုင်သူများလည်းဖြစ်သည့် ခွန်အုန်း၊ ခွန်လှကျော်၊ ခွန်မောင်ဟန်တို့ ဦးဆောင်ကာ နှင်ထုတ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည ့်ဇန်နဝါရီ ၂၁ ရက်တွင် PNO တပ်သား အင်အားများစွာနှင့် ရဲများက အစည်းဝေးခေါ်ပြီး လာရောက် သတိပေးခဲ့ကာ ဇန်နဝါရီ ၂၉ ရက် နောက်ဆုံးထား ပြောင်းရွှေ့ပေးရန်လည်း ပြောထားကြောင်း ဒေသခံများက ပြောသည်။
“PNO တပ်ဖွဲ့ဝင်တွေ ဦးဆောင်ပြီး ရဲတွေကိုလည်း ခေါ်လာတယ်။ ရွာသားကိုလည်း အမျိုးမျိုး လာခြိမ်းခြောက်တယ်။ ရွာသားတွေကတော့ စိတ်သောက ရောက်နေရတယ်။ အခု ၂၉ ရက် မပြောင်းရွေ့ပေးရင် အိမ်တွေကို လာဖြိုမယ် လာဖျက်ဆီးမယ်လို့လည်း ပြောတယ်”ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
ညောင်ဗင်ကျေးရွာသည် အိမ်ခြေ ၁၅၀ ကျော်ရှိပြီး အကုန်လုံးကို PNO က ရွေ့ပြောင်းခိုင်းကြောင်း ၎င်းက ဆိုသည်။
“ခုက စဲ့မန်း(ဗမာစစ်သား) မောင်းထုတ်တာမဟုတ်ဘူး PNO တပ်ဖွဲ့ဝင် ပွဲစားတွေက မောင်းထုတ်တာဖြစ်တယ်။ ရွေးကောက်ပွဲ မရောက်ခင်က သူတို့ကို မဲပေးဖို့ လာစည်းရုံးပြီး ရွာသားက သူတို့ကို မဲအကုန်ထည့်တော့ ရွေးကောက်ပွဲလည်းပြီး သူတို့က ချက်ချင်း မြေလာသိမ်းတယ်။ ကိုယ့်လူမျိုး ကိုယ့်ပြည်သူရဲ့ အသက်ချွေးကို ပြန်သောက်ယူနေတော့ ပြည်သူက မျက်ရည်ကျနေရပြီ။ ပြည်သူက အားကိုးစရာ မရှိတော့ဘူး”ဟု ၎င်းက ဆက်ပြောသည်။
ယခုကိစ္စနှင့် ပက်သက်ပြီး ညောင်ဗင်ရွာသားများသည် အားကိုးမဲ့ကာ ၎င်းတို့ ပိုင်ဆိုင်မှုအတွက် စိုးရိမ်ပူပန်နေရပြီး အခက်ခဲတွေ့နေရကြောင်း ပြောသည်။
ပြီးခဲ့သည့် ၂၀၂၅ခုနှစ်၊ မတ်လတွင်လည်း၊ ဟိုပုံးမြို့နယ်၊ နောင်တောင်ပရဟိတ ဘုန်းကြီးကျောင်းအနီး စစ်ကောင်စီစစ်တပ်နှင့် ထိစပ်နေသည့် မြေဧက ၅၆၀ ကျော်ပေါ်ရှိ နေအိမ် ၂၀၀ ကျော်ကို အစိုးရ စီမံခန့်ခွဲပိုင်ခွင ့်ရှိသည့်မြေဟု သတ်မှတ်ပြီး ဖယ်ရှားရန် မြို့နယ်ထွေအုပ်က အမိန့်စာ ပေးပို့လာသေးကြောင်း ဒေသခံများထံမှ သိရသည်။
#MeKongNews
#ဟိုပုံး
#ညောင်ဗင်ကျေးရွာ
#PNO
#နှင်ထုတ်








