မဲခေါင်၊ ဇန်နဝါရီ ၂၂
အင်တာနက်ပေါ်တွင် သိကျွမ်းခဲ့သော ရုရှားသူတစ်ဦးကို တွေ့ဆုံရန် အမေရိကန်နိုင်ငံမှ ထွက်ခွာလာချိန်တွင် ပါလာခဲ့သော လက်နက်နှင့်အတူ နယ်စပ်ကို ဖြတ်ကျော်လာခဲ့ခြင်း အတွက် ရုရှားတရားရုံး တစ်ရုံးက အမေရိကန်နိုင်ငံသားတစ်ဦးကို ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ် ချမှတ်လိုက်သည်ဟု ရုရှားတရားရေးဌာနက ပြောသည်။
ချားလ်စ်ဝိန်ဇင်မာမန် ဆိုသူက အပြစ်ရှိကြောင်း တရားရုံးတွင် ဝန်ခံခဲ့သော်လည်း မိမိကိုယ်ကိုယ် ကာကွယ်ရေးအတွက် ရိုင်ဖယ်သေနတ်ကို ရွက်လှေပေါ်တွင် သိမ်းထားခဲ့ခြင်း ဖြစ်ပြီး ၎င်းအနေဖြင့် ရုရှားဥပဒေကို သတိမထားမိကြောင်း တရားရုံးကို ပြောကြားခဲ့သည်ဟု တရားရေးဌာန ထုတ်ပြန်ချက်က ဖော်ပြသည်။
အမျိုးသမီးတစ်ဦးအတွက် ဇင်မာမန်ရွက်လွှင့်ခဲ့သော ခရီးရှည်ကြီးမှာ ရုရှားအကျဉ်းထောင်တွင် အဆုံးသတ်ခဲ့ရသည်။
၎င်းသည် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှ ပေါ်တူဂီနိုင်ငံသို့ ထွက်ခွာခဲ့ပြီးနောက် မြေထဲပင်လယ်နှင့် ပင်လယ်နက်ကို ဖြတ်ကျော်ကာ ၂၀၂၅ ခုနှစ် ဇွန်လတွင် ရုရှားတောင်ပိုင်း ဆိုချီမြို့ ဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့ခြင်း ဖြစ်သည်။
“ကာဇန်မြို့က အမျိုးသမီးတစ်ဦးကို အင်တာနက်ပေါ်ကနေ ငြိတွယ်ခဲ့ပြီး အဲဒီ အမျိုးသမီးကို သူ့ရွက်လှေပေါ်မှာ တွေ့ဆုံဖို့ ရွက်လွှင့်လာဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သူက တရားရုံးကို ပြောပါတယ်” ဟု ရုရှား တရားရေးဌာနက ပြောသည်။
အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီးနောက် ခရက်စ်နိုဒါဒေသရှိ၊ ဆိုချီမြို့ တရားရုံးတစ်ရုံးက ၎င်းအား ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်သည်။
ဇင်မာမန်က ရေတစ်ပုလင်းနှင့် ထိုင်နေခဲ့သော ရွက်လှေပေါ်မှ သိမ်းဆည်းရရှိခဲ့သည့် ရိုင်ဖယ်သေနတ် တစ်လက်နှင့် ရီမင်တန် ကျည်ကပ်များကို ပြသထားသော ဗီဒီယိုအား တရားရေးဌာနက ထုတ်ပြန်ခဲ့သည်။
အေးကျော်
Ref:Reuters
##MeKongNews
#ခရီးရှည်
#ရွက်လွှင့်
#အမေရိကန်သား
#ရုရှားထောင်








