မဲခေါင်၊ ဇန်နဝါရီ ၂၁
၂၀၂၂ ခုနှစ် ဇူလိုင် ၈ ရက်က နာရာမြို့ လူထုစုဝေးပွဲတွင် ဂျပန်နိုင်ငံ၏ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်ဟောင်း ဖြစ်သော ရှင်ဇိုအာဘေးအား အိမ်လုပ်သေနတ်ဖြင့် နောက်မှ အနီးကပ် ၂ ချက် ပစ်ခတ် လုပ်ကြံခဲ့သော ၄၅ နှစ်အရွယ် တရားခံ တတ်ဆုယာ ယာမာဂါမိကို နာရာတရားရုံးက ဇန်နဝါရီ ၂၁ ရက်တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်သည်။
တရားခွင်တွင် လူပေါင်း ၇၀၀ ကျော် ရောက်ရှိနေကြကာ ယာမာဂါမိအား ကရုဏာသက်သူများရှိသလို တစ်သက် တစ်ကျွန်း ချမှတ်ခံရမှုအတွက် ကျေနပ်သူများလည်း ကွဲပြားစွာ ရှိနေသည်။
၂၀၂၅ ခုနှစ် အောက်တိုဘာက အမှုပထမဆုံး ကြားနာစဉ်မှာပင် ယာမာဂါမိက မိသားစုဘ၀ ပျက်စေရန် မိခင်ဖြစ်သူ ကိုးကွယ်သည့် ပေါင်းစည်းခြင်း ဘုရားကျောင်း (Unification Church) ထံ အကုန် လှူဒါန်းလိုက်မှုအတွက် နာကျည်းပြီး ယင်းဘုရားကျောင်းနှင့် ထဲထဲဝင်ဝင် ပတ်သက်နေသည့် ရှင်ဇိုအာဘေးအား လုပ်ကြံ သတ်ဖြတ်ရခြင်း ဖြစ်သည်ဟု ဖွင့်ဟခဲ့သည်။
ပေါင်းစည်းခြင်း ဘုရားကျောင်းသည် ၁၉၆၀ ဝန်းကျင်က တောင်ကိုရီးယားမှ ဂျပန်သို့ စတင်ရောက်ရှိလာပြီး နိုင်ငံရေးနယ်ပယ်မှ ခေါင်းဆောင်များနှင့် ပေါင်းစည်းခြင်းဖြင့် အဖွဲ့ဝင်များစွာ တိုးပွားလာကာ ထိုဘုရားကျောင်းသည် ကိုးကွယ်သူများအား အတင်းအကျပ်ခြိမ်းခြောက် အလှူခံနေသလို စျေးကြီး ပစ္စည်းများဝယ်ခိုင်းခြင်း၊ မင်္ဂလာပွဲများစွာ လက်ခံကျင်းပရာ၌ ငွေကြေးမျက်နှာ အလွန်ကြည့်ခြင်းများ ရှိနေခဲ့ကြောင်း စုံစမ်းသိရှိရသဖြင့် ယမန်နှစ်တွင် ဘာသာရေးအသင်း အဖွဲ့အစည်းအဖြစ်မှ ဂျပန်အစိုးရက ပယ်ဖျက်ခဲ့သလို ပတ်သက်သည့် နိုင်ငံရေးခေါင်း ဆောင်များလည်း ရာထူးနုတ်ထွက်မှုများ ရှိခဲ့သည်။
ယာမာဂါမိ၏ မိခင်သည် ဘုရားကျောင်းမှ ခြိမ်းခြောက်ခံရခြင်းနှင့်အတူ သေဆုံးခဲ့သော ဖခင်၏ ပိုင်ဆိုင်မှုများ၊ အသက်အာမခံကြေးများ အားလုံးပေါင်း ယန်းသန်း ၁၀၀ (ဒေါ်လာ ၆၃၃၀၀၀) ကို ဘုရားကျောင်းအား ပေးလှူလိုက်သဖြင့် မိသားစု ဘ၀ပျက်ခဲ့ရကာ အစက ထိုဘုရားကျောင်း အကြီးအကဲများကိုသာ လုပ်ကြံရန် ကြံစည်ထားရာမှ ထိုကျောင်းကို ထောက်ပံ့ အားပေးနေသည့် ရှင်ဇိုအာဘေး၏ ပြောစကားများ ကြားပြီးနောက် စိတ်ပြောင်းပြီး လုပ်ကြံဖြစ်သွားခြင်း ဖြစ်သည်ဟု ရုံးတော်တွင် အမှန်အတိုင်း ထွက်ဆိုခဲ့သည်။
ထို့ကြောင့် ဘာသာရေးအနိုင်ကျင့်မှု ဒဏ်ခံရသော သနားစရာ လူတစ်ဦးအဖြစ် မာယာဂါမိအား ထောင်ဒဏ် အများဆုံး နှစ် ၂၀ ခန့်သာ ကျခံစေလိုသည်ဟု ဂျပန်ပြည်သူတချို့က ကရုဏာသက်စွာ ပြောဆိုနေကြသည်။
သို့သော် ရုံးတော်က နောက်ကျောမှ သွေးအေးစွာ၊ ရက်စက်စွာဖြင့် ရည်ရွယ်ချက်ရှိစွာ လုပ်ကြံသတ်ဖြတ်မှု ဖြစ်ခြင်းကြောင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း စီရင်ချက်ချသွားခဲ့ခြင်း ဖြစ်သည်။
ကိုကလင်း
Ref:BBC
#MeKongNews
#ရှင်ဇိုအာဘေး
#လုပ်ကြံသူ
#ထောင်ဒဏ်
#တစ်သက်တစ်ကျွန်း








