မဲခေါင်၊ ဇန်နဝါရီ ၁၉
အီရန် ဆန္ဒပြအရေးအခင်းတွင် လက်နက်ကိုင်ကာ အကြမ်းဖက်သတ်ဖြတ်နေသည့် အီရန်စစ်တပ်မှ တပ်မှူး၏ သမီးကိုယ်တိုင်က မိစ္ဆာစစ်တပ်သည် ကိုယ့်သားသမီးပင် ကိုယ်ပြန်သတ်နေကြခြင်းကြောင့် အခွင့်ရလျှင် ဖခင်အား ပထမဆုံး သတ်ခွင့်ရသူဖြစ်လိုကြောင်း ကျိန်ဆိုပြောကြားသွားခဲ့သည်။
ပါရှန်မီဒီယာ Manato TV သို့ အဆိုပါ အီရန်တပ်မှူး သမီးကိုယ်တိုင်က ပြောဆိုခဲ့ခြင်းဖြစ်ပြီး ၎င်း သည်လည်း အာဏာရှင်ခါမီနီကို ဆန့်ကျင်ဆန္ဒပြသည့်ထဲ ပါဝင်သဖြင့် ရိုက်နှက်ခံရကာ ဖခင်တပ်မှူး ကိုယ်တိုင်က သူမကို မိလျှင်သတ်ပစ်ရန် အမိန့်ပေးထားသလို လမ်းပေါ်မှ ဆန္ဒပြလူငယ်၊ လူကြီး၊ ကျားမမရွေး အားလုံးကို ပစ်သတ်ရန် အမိန့်ပေးနေသူဟု ပြောသွားခဲ့သည်။
“ကျွန်မအဖေကိုယ်တိုင် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို မျက်ဝါးထင်ထင် မြင်ခဲ့ရတယ်။ အဖေ့ကို အရမ်းမုန်းတယ်။ သူ့ကို ကျွန်မတို့ အလိုမရှိတော့ဘူး။ အခွင့်ရမယ်ဆိုရင် ကျွန်မက အဖေ့ကို သတ်ခွင့် ရမယ့် ပထမဆုံးလူ ဖြစ်ချင်ပါတယ်။ ဆန္ဒပြသူတွေထဲ ပါတဲ့ သားသမီးတွေကို ဖမ်းပြီး သတ်ပစ်ဖို့ အမိန့် ပေးနေတဲ့ တပ်မှူးတွေက ကျွန်မအဖေတစ်ယောက်တည်းမဟုတ်ဘူး။ ကိုယ့်ပြည်သူတွေကို သတ်ဖို့ အမိန့်တွေပေးတယ်။ ကျွန်မအဖေကိုယ်တိုင်ကလည်း ကျွန်မကို သတ်ဖို့ အမိန့်ပေးထားတယ်” ဟု အဆိုပါ တပ်မှူးသမီးက နာကျင်စွာဖြင့် ပြောဆိုသွားခဲ့သည်။
အယာတိုလာခါမီနီ၏ အစ္စလာမ္မစ်တပ်များ အာဏာသိမ်းနိုင်ခဲ့ ခြင်းကြောင့် ထွက်ပြေးခဲ့ရသော ယခင်ရှားဘုရင် နောက်ဆုံးမျိုးဆက်အိမ်ရှေ့စံ ပါလာဗီကလည်း ဒီတစ်ကြိမ်မှ ခါမီနီ၏ အစ္စလာမ္မစ်အာဏာရှင်နိုင်ငံတော် မကျရှုံးလျှင် ကျရှုံးစရာမရှိတော့ဟု ဇန်နဝါရီ ၁၆ ရက်တွင် ဝါရှင်တန်ဒီစီ၌ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုကာ အီရန်သို့ သေချာ ပြန်သွားမည်ဟုပါ ထုတ်ပြန်ပြောဆိုခဲ့သည်။
ဒေါ်နယ်ထရမ့်၏ လက်ရုံးများသည် ပါလာဗီနှင့်တွေ့ဆုံဆွေးနွေးကာ အီရန်ကို ဝင်တိုက်ပြီး ခါမီနီ အစိုးရအား ဖြုတ်ချပြီးပါက ပါလာဗီအား အာဏာလွှဲအပ်ရန် စီစဉ်နေကြောင်းလည်း သိရသည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#အီရန်
#အလီခါမီနီ
#ဒေါ်နယ်ထရမ့်
#ဆန္ဒပြပွဲ
#အယာတိုလာခါမီနီ








