မဲခေါင်၊ ဇန်နဝါရီ ၁၉
ယူကရိန်းတပ်မဟာ ၃ မှ တပ်မှူးက မောင်းသူမဲ့ မြေပြင်ယာဉ် Uncrewed Ground Vehicles (UGVs) သို့မဟုတ် လျှို့ဝှက် စစ်ရုပ်စစ်သားတစ်ခုက ရှေ့တန်းတွင် ရုရှားတပ်များ အလုံးအရင်းနှင့် တိုက်ခိုက်မှု အား ၆ ပတ်ကြာ ခုခံတားဆီးနိုင်ခဲ့သည်ဟု The Telegraph တွင် ဖွင့်ဟပြောဆိုသွားခဲ့သည်။
ရုရှားသည် ယူကရိန်းအား စစ်သားသန်းချီသေဆုံးသည်အထိ ကျူးကျော်တိုက်ခိုက်နေရာ ၅ နှစ်အတွင်း ဝင်လာသည့်တိုင် မျှော်မှန်းသည့်အတိုင်း နယ်မြေများ သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ယူကရိန်းဘက်ကလည်း ခေတ်အမီဆုံးစစ်ရေးနည်းပညာများဖြင့် ပင်လယ်ဒရုန်း၊ မိုးပျံဒရုန်းများတီထွင်ကာ ရုရှားကို နည်းပညာ သစ်စစ်ပွဲအဖြစ် တားဆီးဟန့်တားလာနိုင်သည်။
ယူကရိန်းတပ်မဟာ ၃ လက်အောက် NC-13 Strike ကုမ္ပဏီမှ ယခုနောက်ဆုံး တီထွင်လိုက်သော UGVs စက်ရုပ်စစ်သားအမည်မှာ DevDroid TW 12.7 ဖြစ်ပြီး .50 ကျည်ဆံများကို ယာဉ်ပေါ်တွင် တပ်ဆင်ထားသည့် M2 Browning စက်သေနတ်က AI မောင်းနှင်ခြင်းဖြင့် အလိုအလျှောက် ပစ်ခတ် နိုင်သလို ၁၅ မိုင်အကွာမှ လူသားက အဝေးထိန်းခလုတ်ဖြင့် ထိန်းချုပ်မောင်းနှင့် ပစ်ခတ်နိုင်စွမ်းလည်း ရှိသည်။
တီထွင်လိုက်သည့် တပ်မဟာ ၃ မှ တပ်မှူး မိုင်ကိုလာဇင်ကီဗစ်ချ်က ယင်း DevDroid TW 12.7 စက်ရုပ်စစ်သားသည် သာမန် စစ်သား ၆ ယောက်စောင့်ရသည့် ကာကွယ်ရေးစခန်းနယ်မြေများ ကို ခံစစ်အသွင်သာမက တိုက်စစ်အသွင်နှင့်ပါ တစ်စီးတည်းဖြင့် ကာကွယ်နိုင်သည်ဟု ညွှန်းဆိုသည်။
နေရာမဖော်ပြသည့် ရှေ့တန်းစစ်စခန်းတစ်ခုအား ရုရှားစစ်သား အလုံးအရင်း ဝိုင်းတိုက်နေသည်ကို ထို စက်ရုပ်စစ်သားယာဉ်တစ်စီးတည်းက ၆ ပတ်ကြာ လှည့်ပတ်ကာကွယ်ပေးနိုင်ခဲ့ကြောင်း၊ ဆောင်းတွင် ရောက်လာသဖြင့် နှင်းများပိတ်နေသည့် ရှေ့တန်းစစ်မျက်နှာပြင်တွင် တစ်နာရီ ၅ မိုင်နှုန်းဖြင့် လှည့်လည် သွားလာကာ မြူနှင်းများအကြား ပစ်မှတ် ရုရှားစစ်သားများကို AI လမ်းညွှန်စနစ်ဖြင့် ရှာဖွေပြီး ကျည်ဆံမိုးများ ရွာသွန်းသည်အထိ ပစ်ခတ်ကာ ကိုယ့်စခန်းအား ၂ လနီးပါး အကာအကွယ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
၂ ရက်တစ်ကြိမ်နှုန်းသာ ပြင်လည် ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် ကျည်ဖြည့်ခြင်းကို လုပ်ဆောင် ပေးရပြီး ရုရှားဘက်မှ ထိုယာဉ်ကို ရေဒါဖမ်းယူနိုင်ခြင်းမရှိသလို ထိမှန်စေရန်လည်း ပစ်ခတ်နိုင်စွမ်း မရှိခဲ့ဟု ၎င်းက ရှင်းလင်းပြောကြားသွားခဲ့သည်။
ဆောင်းဝင်လာသည်နှင့်ရုရှားတပ်များ ယူကရိန်းရှေ့တန်းစစ်မျက်နှာပြင်များတွင် ရာသီဥတုကြောင့် ခက်ခဲသထက်ခက်ခဲကာ ကျဆုံးမှုလည်း များပြားနေရာတွင် ကူပီယန့်ခ်စ် စစ်မျက်နှာပြင်၌ မြို့ သိမ်းလုနီးအနေအထားမှ ယူကရိန်းတပ်များ ပြန်လည်တွန်းလှန်တိုက်ခိုက်နိုင်ပြီး နယ်မြေများ ပြန်သိမ်း နိုင်ခဲ့သည်ဟုလည်း သိရသည်။
ယင်းတိုက်ပွဲတွင် ရုရှားစစ်သား ၂၇ ယောက်နှုန်းသေဆုံးမှ ယူကရိန်း စစ်သား ၁ ယောက်နှုန်း သေဆုံးရကာ ခေတ်မီနည်းပညာများဖြင့် အသစ်တီထွင်နိုင်ခဲ့သော လက်နက် များကြောင့် ယူကရိန်းဘက်မှ အကျအဆုံးနည်းပြီး ခုခံနေနိုင်ခြင်းဖြစ်သည်ဟုလည်း ယူကရိန်း စစ်တပ်က ထုတ်ပြန်သွားခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ယူကရိန်း
#စက်ရုပ်စစ်သား
#ရုရှား
#ဆောင်းရာသီ








