မဲခေါင်၊ ဇန်နဝါရီ ၁၇
အဆိုတော် ရှင်မင်းမြတ်အား ကျားဖြန့်များက ပြီးခဲ့သည့် ဇန်နဝါရီ ၅ ရက်တွင် ပြန်ပေးဆွဲကာ ကျပ်သိန်း ၃ ထောင်ဖြင့် ပြန်ရွေးခဲ့ရသည်ကို မူဆယ်ရဲများက သိသော်လည်း မူဆယ် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ပြည့်ဝင်းအောင်က ကျားဖြန့်များထံမှ လိုင်းကြေးခွဲတမ်း ရနေခြင်းကြောင့် မည်သည့် စုံစမ်းစစ်ဆေးရေးမှ ပြုလုပ်ခြင်းမရှိဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။
“နယ်ထိန်းအစ ခရိုင်မှူး ပြည့်ဝင်းအောင် အလယ်၊ ပြည်နယ်ချုပ် ကျော်ကျော်ဟန် အဆုံး၊ ကျားဖြန့်ဆီက ဆက်ကြေး ယူထားတော့ ဘာမှ မသိချင်ယောင်ဆောင်နေတာ။ မူဆယ်မှာ အဲလို ပြန်ပေးဆွဲ ငွေညှစ်တာက သူတို့အတွက် ရိုးနေပြီ။ အခုက အဆိုတော်ဖြစ်နေတာက တစ်ကြောင်း၊ လိုင်းပေါ် ပြန့်သွားတာက တစ်ကြောင်းမို့ ထင်တယ်၊ ဒီနေ့မှ ပွက်လောရိုက်နေကြတယ်။ အရင်ကလည်း ကျနော် အမြဲတမ်း ပြောတယ်လေ ဆက်ကြေးဝေစုသာ မှန်မှန်ပေး မူဆယ်က မင်းအပိုင်ပဲလို့”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ရှင်းမင်းမြတ် ပြန်ပေးဆွဲ ငွေညှစ်ခံရမှု လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ၎င်းတည်းခိုသွားသည့် ဟိုတယ်ကို ရဲတပ်ဖွဲ့က ဟန်ပြ ဝင်ရောက် မေးမြန်းခြင်းများ ရှိသော်လည်း ပြန်ပေးဆွဲသည့် တရားခံများကိုမူ အပူတပြင်း ရှာဖွေဖမ်းဆီးခြင်း မရှိကြောင်း ၎င်းက ပြောသည်။
“သူတို့ တကယ် ဖမ်းမယ်ဆို ဆက်ကြေး ပေးနေတဲ့ ကျားဖြန့်ရုံစာရင်းတွေ ရှိတာပဲ လိုက်ရှာစရာတောင် မလိုဘူး၊ ကျားဖြန့်သူဌေးတွေကို ပြောပြီး လုပ်တဲ့လူကို လာပို့ခိုင်းရင်တောင် ရတယ်။ အခုက ဖော်ရှိုးလုပ်နေတာ”ဟု မူဆယ်ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
ထို့ပြင် ယခု ဖြစ်နေသည့် လူပြန်ပေးဆွဲပြီး ငွေတောင်းသည့် လုပ်ရပ်သည် ကျားဖြန့်သူဌေးများ ပြုလုပ်သည့်ပုံ စံမဟုတ်ဘဲ ခေါင်းဆောင်ငယ်များနှင့် ပြည်သူ့စစ်များက ပေါင်းပြီး လုပ်နေသည့် ပုံစံဖြစ်ကြောင်း ကျားဖြန့်လုပ်ငန်းနှင့် နီးစပ်ဖူးသူတစ်ဦးက ပြောသည်။
“ကျားဖြန့်ရုံထဲမှာ လုပ်တာက ဇာတ်ညွှန်းအတိုင်း လုပ်ကြတာ။ ဒီတခေါက် မစ်ရှင်မှာ ဒီလူတန်းစားကို ဒီလိုပုံစံနဲ့ လိမ်မယ်ဆိုရင် လိမ်ရမယ့်ပုံစံ ပြောရမယ့်စကား လူလိမ်အဖွဲ့တစ်ခုမှာ ဘယ်နှစ်ယောက်ဆိုပြီး တိတိကျကျ လုပ်ကြတယ်။ ဥပမာ – ဒီတခေါက် ပြည်ပမှာ ကျောင်းတက်ဖို့ တာစူနေတဲ့ လူငယ်တွေကို လိမ်မယ်ဆိုရင် ကျောင်း လျှောက်ပေး ဗီဇာလျှောက်ပေးတဲ့ အေဂျင်စီဟန်ဆောင်ပြီး ဘယ်လိုလိမ်ကြမယ် ဆိုတာမျိုး၊ နောက်ပြီး ကျောက်ဆိုလည်းကျောက် ရောင်းဝယ်ရှယ်ယာ ခေါ်ပြီး ဘယ်လိုလိမ်ကြမယ် ဆိုတာမျိုး တိတိကျကျ ဇာတ်ညွှန်းနဲ့ လိမ်ကြတာ။ အခုဖြစ်နေတဲ့ အဆိုတော်ကို လိမ်ခေါ်လာ သေနတ်နဲ့ ခြိမ်းခြောက် ရိုက်နှက် ငွေတောင်းတာမျိုးက ရုံအလိုက် ဇာတ်ညွှန်းနဲ့ လုပ်တာထက် ကျားဖြန့် ခေါင်းဆောင်ငယ်နဲ့ လုံခြုံရေးခေါင်းဆောင် ပြည်သူ့စစ်တွေ ပေါင်းပြီးလုပ်တာ များတယ်။ အဲ့လို လုပ်တဲ့ထဲမှာ အဆိုတော်နဲ့ ပတ်သက်တဲ့ အချက်အလက် အကြောင်းအရာကို ကောင်းကောင်းသိနေတဲ့ စကစ ပြည်ထဲရေးအောက်က ထောက်လှမ်းရေးက ငွေလိုနေတဲ့ ကောင်တွေတောင် ပါနိုင် တယ်”ဟု ၎င်းက ရှင်းပြသည်။
ထို့အတူ မူဆယ်တွင် ကျားဖြန့်များက လူပြန်ပေးဆွဲ နှိပ်စက်ရိုက်နှက်ပြီး ကျပ်သိန်းထောင်ချီဖြင့် ပြန်ရွေးခိုင်းနေ သော်လည်း လိုင်းကြေးရနေသဖြင့် ရဲများက မည်သည့် အရေးယူမှုမှမရှိဘဲ မျက်ကွယ်ပြုနေသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။
မူဆယ်မြို့တွင် ကျားဖြန့်ရုံ ၅၈ ရုံ၊ လောင်းကစားရုံ ၈၇ ရုံ၊ အနှိပ်ခန်း ၇၂ ခု၊ ပြည့်တန်ဆာရုံ အကြီး ၃၉ ရုံ၊ အသေး၅၉ ရုံ၊ တရားမဝင် အပေါင်ဆိုင်လုပ်ငန်း ၄၃ ခု ရှိပြီး လစဉ်၊ လကုန်ပြီး ၅ ရက်အတွင်း မူဆယ်ခရိုင်ရဲမှူး ဒုတိယ ရဲမှူး ကြီး ပြည့်ဝင်းအောင်ဦးဆောင်သည့် ရဲတပ်ဖွဲ့များထံ လိုင်းကြေးငွေပေးရသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်း ရင်းမြစ်များထံမှ သိရသည်။
ယင်းတရားမဝင် လုပ်ငန်းများမှ လစဉ်ရရှိသည ့်လိုင်းကြေးမှာ ကျပ်သိန်းတစ်သောင်းခွဲကျော် ရှိပြီး ယင်းအနက်မှ ပြည်နယ်ရဲချုပ် ကျော်ကျော်ဟန်အား လစဉ် သိန်းတစ်ထောင် ပို့ပေးရသည်ကိုလည်း မဲခေါင်သတင်းဌာနက စုံစမ်း ဖော်ပြထားပြီး ဖြစ်သည်။
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့ များစွာရှိပြီး မူးယစ်ဆေးဝါး ၊ လောင်းကစားဝိုင်း၊ ကျားဖြန့်ရုံ၊ ပြည့်တန်ဆာရုံများ များပြားလွန်းသဖြင့် ခိုးမှု၊ ဓားပြတိုက်မှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှု မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
#MeKongNews
#ရှင်မင်းမြတ်
#ပြန်ပေးဆွဲ
#ကျားဖြန့်
#ခရိုင်ရဲမှူး
#မူဆယ်








