မဲခေါင်၊ ဇန်နဝါရီ ၁၇
ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း၊ ယာမာဂါတာမြို့မှ အသက် ၁၅ နှစ်အရွယ် အလယ်တန်း ကျောင်းသူလေးတစ်ဦးသည် မွေထိုင်း ကိုယ်ခံပညာကို အမျိုးသားအားကစား အဖြစ် သတ်မှတ်ထားသော ထိုင်းနိုင်ငံတွင် အသက်အငယ်ဆုံး မွေထိုင်း ကြေးစားဖိုက်တာ ဖြစ်လာခဲ့သည်။
အာအီရီကာဒိုဝါကီသည် နိုဝင်ဘာ အစောပိုင်းက အသက် ၁၅ နှစ် ပြည့်ခဲ့ပြီးနောက် ထိုင်းအားကစား အာဏာပိုင်အဖွဲ့တွင် ပရော်ဖက်ရှင်နယ် မွေထိုင်း ကစားသမားအဖြစ် မှတ်ပုံတင်ခဲ့သည်။
ဂျပန်နိုင်ငံမှ မွေထိုင်းအစည်းအရုံးနှင့် ထင်ရှားသော ထိုင်းအားကစားရုံ တစ်ခုက ၎င်းအား ပူးတွဲထောက်ခံချက် ပေးခဲ့ကြသည်။
ထိုင်းဥပဒေအရ ကြေးစားကစားသမား အဖြစ် မှတ်ပုံတင်နိုင်သော အနည်းဆုံးအသက် သတ်မှတ်ချက်မှာ ၁၅ နှစ် ဖြစ်သည်။
ကိုယ်အလေးချိန် ၄၇ ဒသမ ၆၂ ကီလိုအထိ ရှိသူများအတွက် သတ်မှတ်ထားသော မီနီဖလိုင်းဝိတ်တန်းတွင် ပါဝင်သော ကာဒိုဝါကီသည် ထိုင်းလက်ဝှေ့ကို စတင်သင်ယူပြီး တစ်နှစ်နှင့် ၈ လ အကြာမှာပင် နိုဝင်ဘာ ၂၉ ရက် တွင် ကြေးစားကစားသမား အဖြစ် ၎င်း၏ ပထမဆုံးပွဲကို အနိုင်ရရှိခဲ့သည်။
၎င်းက ယာမာဂါတာမြို့နှင့် ဘန်ကောက်ကြား သွားချည် ပြန်ချည်လုပ်ရန် စီစဉ်ထားကာ မွေထိုင်းကမ္ဘာ့ချန်ပီယံ ဖြစ်ရန်လည်း ရည်မှန်းထားသည်။
ကာဒိုဝါကီ၏ ပထမဆုံးပွဲစဉ်မှာ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့မှ လူသိများသော လုမ္ပနီအားကစားရုံတွင် အသက် ၁၉ နှစ် အရွယ် ထိုင်းဖိုက်တာနှင့် ယှဉ်ပြိုင်သောပွဲ ဖြစ်သည်။
၃ ချီ ကစားရသောပွဲတွင် ဂျပန် ဖိုက်တာမယ်လေးက ပြိုင်ဘက်အား ရှေ့ကန်ချက်များ၊ ထောက်လက်သီးများ ခါးသို့ ကန်ချက်များဖြင့် လွှမ်းမိုးခဲ့ကာ ဒိုင် ၃ ဦးစလုံး၏ တညီတညွတ်တည်း ဆုံးဖြတ်ချက်ဖြင့် အနိုင်ရရှိခဲ့သည်။
နောက်ဆုံးအချီ၌ အနီးကပ် အလုံးခံရသော အချိန်တွင် ထိုးနှက်မှုများ ကြုံခဲ့ရသော်လည်း ကာဒိုဝါကီက တစ်ပွဲလုံးတွင် အမှတ်ဖြင့် ဦးဆောင်မှုကို ထိန်းထားနိုင်ခဲ့သည်။
“ပွဲမထိုးခင်တုန်းကတော့ ဂဏှာမငြိမ်နဲ့ စိတ်ပူနေခဲ့တယ်။ ဒါပေမဲ့လည်း အနိုင်ရခဲ့လို့ ပျော်နေပါတယ်”ဟု ပွဲအပြီးတွင် ကာဒိုဝါကီက ဆိုသည်။
“သူက စိတ်ဓာတ်ခိုင်မာမှု ပြသခဲ့တယ်” ဟု ၎င်း၏နည်းပြ တိုမိုဟီရိုဆိုင်တိုက ပြောသည်။
ဆိုင်တို ကိုယ်တိုင်ကလည်း မွေထိုင်း ကစားသမားဟောင်းတစ်ဦး ဖြစ်ကာ ထိုင်းနိုင်ငံတွင်လည်း ယှဉ်ပြိုင်ခဲ့ပြီး ဂျပန် မွေထိုင်းအစည်းအရုံး၏ အကြီးအကဲလည်း ဖြစ်သည်။
ပထမဆုံး ပရော်ဖက်ရှင်နယ်ပွဲ မတိုင်မီတွင် ကာဒိုဝါကီက ၎င်း၏ အမှတ်အသားဖြစ်သော ဘယ်ခြေ ရှေ့ထုတ်ကန်ချက် အပါအဝင် သတ်လုံး သတ်ပေါက်များကို အကြိမ်ကြိမ်အထပ်ထပ် လေ့ကျင့်ရင်း ခံနိုင်ရည်ကို တည်ဆောက်ခဲ့သည်။
၎င်းက ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု တောင့်တင်းလာစေရန် ယာမာဂါတိုမြို့မှ ဆိုင်တို၏ အားကစားရုံတွင် မွေထိုင်းကို စတင် သင်ယူခဲ့သည်။
“ကျောင်းမှာ တစ်ခုခု ဖြစ်လာရင် စိတ်ဓာတ်ကျသလို ဖြစ်လာတာကို ကျမ မကြိုက်ဘူး” ဟု ၎င်းက ဆိုသည်။
ထို့နောက် ထိပ်တန်း ဖိုက်တာများ၏ ဗီဒီယိုများကို ကြည့်ရင်း၊ ဆရာဆိုင်တိုထံမှ အကြံဉာဏ်များ ရရှိပြီးနောက် ဂျပန် ဖိုက်တာမလေးက ထိုင်းနိုင်ငံတွင် သွားရောက် လေ့ကျင့်ရန် စိတ်အားထက်သန်လာခဲ့သည်။
“ကျမမှာ စိုးရိမ်မှုလည်း မရှိဘူး၊ ကြောက်ရွံ့မှုလည်း မရှိဘူး။ ဘာလို့လဲဆိုတော့ ကျမ ဘာမှ နားမလည်လို့လေ” ဟု ထိုင်းသို့ သွားရောက်ရခြင်း၏ စိန်ခေါ်မှုနှင့် ပတ်သက်၍ ကာဒိုဝါကီက ပြောသည်။
၎င်း၏ မိဘများက ၎င်းကို အားပေးထောက်ခံပြီး အတွေ့အကြုံများကို တန်ဖိုးထားရန်နှင့် အနီးရှိသူများ အပေါ် ကျေးဇူးသိရန် သွန်သင် အားပေးသည်။
သို့သော်လည်း ဩဂုတ်လက ထိုင်းနိုင်ငံတွင် ၎င်း၏ လေ့ကျင့်မှုမှာ မလွယ်ကူခဲ့ပေ။
ဘာသာစကား အတားအဆီးကြောင့် ထိုင်းလူမျိုးများနှင့် ဆက်သွယ်ရာ၌ အခက်အခဲများ ဖြစ်ခဲ့၍ စိတ်ပျက်စရာများလည်း ၎င်းက ရင်ဆိုင်ရသည်။
ယောင်္ကျားလေး တစ်ယောက်နှင့် လေ့ကျင့်သတ်ပုတ်စဉ် အကောင်းဆုံး မယှဉ်နိုင်ခဲ့၍ ထိုင်ငိုခဲ့ရသေးသည်။
ကာဒိုဝါကီက ဆိုင်တို၏ Gym တွင် နေ့စဉ်လေ့ကျင့်ပြီး ပိတ်ရက်များတွင် ဖခင်ဖြစ်သူ လုပ်ပေးထားသော ကိရိယာများဖြင့် လေ့ကျင့်သည်။
အထက်တန်းသို့ ရောက်ရှိသွားချိန်တွင် ပြည်ပ မွေထိုင်းကစားသမားများအတွက် ထိုင်းနိုင်ငံက အထူးထုတ်ပေးသော မွေထိုင်းဗီဇာကို ရယူ၍ ကာဒိုဝါကီက ဂျပန်နှင့် ထိုင်းနိုင်ငံသို့ ကူးချည်သန်းချည် လုပ်ပြီး စာသင်၊ လေ့ကျင့်မှုများလုပ်ရန် စီစဉ်ထားသည်။
“ဒါဟာ အခွင့်အလမ်း ဖြစ်သလို ခက်ခဲတဲ့ အတားအဆီးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်က သူ့ကို ကူညီ ပံ့ပိုးပေးသွားပါမယ်” ဟု နည်းပြ ဆိုင်တိုက ဆိုသည်။
ကာဒိုဝါကီ၏ ရည်မှန်းချက်များမှာ One Championship နှင့် ကန်ထရိုက်စာချုပ် ချုပ်ဆိုပြီး ကမ္ဘာ့ချန်ပီယံ ဖြစ်လာရေး ဖြစ်သည်။
“လူတိုင်းအားကျရတဲ့ တကယ်တော်တဲ့ ဖိုက်တာတစ်ယောက် ဖြစ်ချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
အေးကျော်
Ref:The Jiji Press
#MeKongNews
#ဆယ်ကျော်သက်
#ဂျပန်ကျောင်းသူ
#ကြေးစား








