မဲခေါင်၊ ဇန်နဝါရီ ၁၃
အီရန်နိုင်ငံတွင် ဒီဇင်ဘာ ၂၈ ရက်က ဈေးဆိုင်ရှင်များ စတင်ဆန္ဒပြမှုမှ လူထုအုံကြွမှုသည် ၂ ပတ်အတွင်း နိုင်ငံတစ်ဝန်း မြို့ပေါင်း ၃၀၀ ကျော်အထိ ပျံ့နှံ့ကာ အလီခါမီနီ အုပ်ချုပ်မှု အလုံးစုံ လဲပြိုလုနီးဖြစ်နေပြီး လျှို့ဝှက် တည်ဆောက်ထားရှိသော မြေအောက် မြို့တော်များမှ ဒုံးကျည်များ၊ ပဲထိန်းဒုံးကျည်များ ပစ်လွှတ်မည်ကို စိုးရိမ်မှုများ ရှိနေသည်။
ခါမီနီသည် သွေးရူးသွေးတန်းဖြင့် မြေအောက်ဒုံးကျည်များ ပစ်ခတ်ရန် အသင့်ပြင်ခိုင်းထားကြောင်းနှင့် အင်တာနက်အပါ အဆက်အသွယ်အားလုံး ဖြတ်တောက်လိုက်ခြင်းက ဆန္ဒပြသူများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်လာမည်ကို အထူး စိုးရိမ်ရကြောင်း အီရန်အတိုက်အခံ ခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ရှီရင်အီဘာဒီက သတိပေး ပြောကြားသည်။
အီရန်တော်လှန်ရေး အစောင့်တပ်များက နိုင်ငံတစ်ဝန်း ဆန္ဒပြသူများကို ပစ်ခတ်ရာ လူအများအပြား သေဆုံးပြီး တီဟီရန်မြို့တော် ဆေးရုံများပေါ်တွင်လည်း ဒဏ်ရာရသူများ အများအပြားနှင့် မနိုင်မနင်း ဖြစ်နေရသည်။
၂ ပတ်အတွင်း ဆန္ဒပြသူ ၂၃၀၀ ကျော် ဖမ်းဆီးခဲ့ပြီး ဒေါသထွက်နေသော လူအုပ်ကြီးက ကားများကို လှန်မှောက် မီးရှို့ခြင်း၊ အဆောက်အအုံများအား မီးရှို့ခြင်းများ မြို့အနှံ့ ဖြစ်ပွားကာ ဇန်နဝါရီ ၉ ရက်၌ အမေရိကန်သမ္မတ ဒေါ် နယ်ထရမ့်က အီရန်တွင် ပြဿနာကြီး ဖြစ်နေကာ ဆန္ဒပြသူများအား သတ်ဖြတ်ပါက စစ်ရေးအရ ဝင်ရောက်ရတော့မည်ဟု အပြင်းထန်ဆုံး ရာဇသံပေးခဲ့သည်။
ခါမီနီကမူ ယခုဖြစ်ရပ်သည် အသက်ပေါင်းသိန်းချီ ပေးဆပ်ကာ ရယူခဲ့သည့် လွတ်လပ်ရေးအား ပြန်လည်ဖျက်ဆီးမှုဖြစ်ကာ အမေရိကန်နှင့် အနောက်နိုင်ငံများက အကြမ်းဖက် အဖျက်သမားများကို မြှောက်ပေးနေခြင်းဖြစ်သည် ဟု နိုင်ငံပိုင်ရုပ်သံမှ ထုတ်ပြန် ပြောဆိုသွားသည်။
ယမန်နှစ် ဇွန်လက ဖြစ်ပွားခဲ့သော ၁၂ ရက်ကြာ အစ္စရေး – အီရန် စစ်ပွဲအပြီး အမေရိကန်က ဗုံးကြဲ တိုက်ခိုက်ပြီးနောက် အီရန်နိုင်ငံပြိုလဲမှုမှာ အဆိုးဆုံး အခြေအနေသို့ ရောက်ခဲ့ရသည်။
ပိတ်ဆို့ အရေးယူခံရမှုများကြောင့် အလွန်အမင်း ငွေကြေးဖောင်းပွခြင်း၊ ကုန်စျေးနှုန်းများ မြင့်တက်ကာ ပြည်သူများ စားစရာပင် မရှိသလောက် ဖြစ်လာမှုကြောင့် ခါမီနီ သေဆုံးပါစေဟု ကြွေးကြော်ကာ ဆန္ဒပြမှုများ အုံကြွမှု အပြင်းထန်ဆုံးအဆင့် ရောက်လာခြင်းဖြစ်သည်။
ထွက်ပေါ်နေသော သတင်းများအရ အစိုးရပြိုလဲလု အခြေအနေတွင် ခါမီနီသည် ၎င်းအား လုံခြုံမှုပေးမည့် ရုရှားသို့ ထွက်ပြေးဖွယ်ရှိနေကြောင်းလည်း သိရသည်။
လက်ရှိတွင် ဖျက်လိုဖျက်ဆီး လုပ်သူများကို သေဒဏ်ပေးမည်ဟုလည်း ကြေညာထားသည်။
ကိုကလင်း
Ref:The Sun
#MeKongNews
#အီရန်
#ဆန္ဒပြမှု
#မြေအောက်ဒုံးကျည်
#ခါမီနီ








