မဲခေါင်၊ ဇန်နဝါရီ ၁၁
အစ္စရေးနှင့် ဆီးရီးယားတို့ကြား တင်းမာမှု လျော့ကျစေရန် ရည်ရွယ်သည့် အနေဖြင့် အငြင်းပွား ဆီးရီးယား နယ်စပ်ဒေသ၌ အထူးစီးပွားရေးဇုန်နှင့် ဇိမ်ခံနှင်းလျှောစီး အပန်းဖြေစခန်းတစ်ခု တည်ဆောက်ပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စီစဉ်နေကြောင်း The Sun သတင်းက ဆိုသည်။
ယခုတစ်ပတ်အတွင်းက ပဲရစ်တွင် အမေရိကန်ကြားဝင် ငြိမ်းချမ်းရေးပွဲစား လုပ်ပေးမှုဖြင့် အစ္စရေးနှင့် ဆီးရီးယား ကိုယ်စားလှယ်များ တွေ့ဆုံအပြီးတွင် ဆီးရီးယားနိုင်ငံအတွင်း ထိုသို့ စီးပွားရေးဇုန်နှင့် ဇိမ်ခံနှင်း လျှောစီး အပန်းဖြေစခန်း တည်ဆောက်သွားရန် ထရမ့်က ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန်အစိုးရ အကြီးအကဲတစ်ဦးက Axios မီဒီယာသို့ ပြောခဲ့သည်။
ယင်းနေရာကို မသိရသေးသော်လည်း နှင်းလျှောစီးစခန်း တည်ဆောက်ရန် ကိုက်ညီသည ့်နေရာမှာ လက်ရှိ အစ္စရေးတပ်များ တပ်စွဲထားသော ဂိုလန်ကုန်းမြင့်ရှိရာ ဟာမွန်တောင်ပေါ်တွင် ဖြစ်မည်ဟု ခန့်မှန်းထားကြသည်။
ယင်းဒေသကို ဆီးရီးယားအား နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည့် အာဏာရှင် အာဆတ် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာတွင် ကျရှုံး ထွက်ပြေးသွားပြီးနောက် အစ္စလာမ္မစ် အကြမ်းဖက်များ အစ္စရေးနိုင်ငံအနီး ချဉ်းကပ်လာပြီး အန္တရာယ်ပြုမည်ကို စိုးရိမ်သဖြင့် အစ္စရေးတပ်များက ဆီးရီးယားထဲအထိ ဝင်ရောက် တပ်စွဲ ထိန်းချုပ်ထားခြင်း ဖြစ်သည်။
၁၉၇၃ ခုနှစ်က ယွမ်းကပူး စစ်ပွဲအပြီး ကုလသမဂ္ဂက ထိုဒေသအား ကြားခံဇုန်အဖြစ် သတ်မှတ် ပေးခဲ့သော်လည်း ဆီးရီးယား အာဏာကို ယခင် အယ်လ်ကိုင်းဒါး အဖွဲ့ဝင်ဟောင်း အာမက်အယ်ရှာရာ ရယူပြီးနောက် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ကြားခံဇုန်အဖြစ် မသတ်မှတ်တော့ဘဲ ဝင်ရောက် တပ်စွဲလိုက်ခြင်း ဖြစ်သည်။
အမေရိကန်သည် ထိုဒေသကို စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ကာ နှင်းလျှောစီးစခန်း၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၊ ရေနံပိုက်လိုင်းများ၊ ဒေတာစင်တာများ၊ ဆေးဝါးထုတ်လုပ်စက်ရုံများနှင့် အခြားသော ငွေရှာဖွေရေး အဆောက်အအုံများ တည်ဆောက်ပေးပြီး အစ္စရေးနှင့် ဆီးရီးယားအကြား တင်းမာမှုကို လျှော့ချပေးလိုခြင်း ဖြစ်ကြောင်း သိရသည်။
ကိုကလင်း
Ref:The Sun
#MeKongNews
#အစ္စရေး
#တင်းမာမှု
#ဆီးရီးယား
#စီးပွားရေးဇုန်
#အမေရိကန်








