မဲခေါင်၊ ဇန်နဝါရီ ၈
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်ရှိ ခရိုင်တရားရုံးတွင် မူးယစ်ဆေးဝါးအမှုများအပါအဝင် အမှုအခင်းအမျိုးမျိုး၌ တရားခံလွတ်မြောက်ရေးအတွက် တရားသူကြီးများက ဘတ်သန်းချီကာ လာဘ်ငွေအကြီးအကျယ် တောင်းခံနေကြောင်း တရားရင်ဆိုင်နေရသူများထံမှ သိရသည်။
တာချီလိတ်တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးမှုများ၌ နိုင်ငံခြားသားများ ပါဝင်ပါက အမှုအခြေအနေပေါ်မူတည်၍ တရားခံလွတ်မြောက်ရန် အနည်းဆုံး ဘတ် ၃ သန်းမှ ၅ သန်းအထိ တာချီလိတ်ခရိုင်တရားသူကြီး ထွန်းနိုင်ထွေးနှင့် ဒုခရိုင်တရားသူကြီး ကျော်လွင်ဦးတို့က တောင်းခံနေခြင်းဖြစ်ကြောင်း ကိုယ်တိုင် ကြုံတွေ့သူများက ပြောသည်။
“တရားရုံးတစ်ခုတည်း ပေးရတာမဟုတ်ဘူး၊ ဥပဒေအရာရှိကိုလည်း ပေးရတယ်။ အမှုဖြစ်ပြီဆိုကတည်းက ပွဲစားတွေက ဘတ်သိန်းချီတောင်းတယ်။ ပြီးရင် တရားသူကြီးနဲ့ ဥပဒေအရာရှိကိုလည်း သူတို့ဝင်ပေးမယ်ဆိုပြီး ပေးရတာပဲ။ နောက်ဆုံးတော့လည်း ထောင်ကျတာပါပဲ။ ထောင်ကျရင်လည်း နိုင်ငံတော်ပါနိုင်တယ်၊ မစိုးရိမ်နဲ့ဆိုပြီး အယုံသွင်းတာ။ ရှိတဲ့အိမ်တွေကော ပစ္စည်းတွေကော အကုန်ကုန်တာပဲ” ဟု အမှုရင်ဆိုင်နေရသူတစ်ဦး၏ မိသားစုဝင်က မဲခေါင်သတင်းဌာနသို့ ပြောသည်။
ထို့ပြင် ခရိုင်ဥပဒေအရာရှိ (ဥပဒေအကြံပေး) ကိုလည်း ရာခိုင်နှုန်းအလိုက် ပေးဆောင်ရသည်ဟု မူးယစ်မှုတရားခံ မိသားစုဝင်တစ်ဦးက ဆိုသည်။
“အဲဒီဆွဲချဆိုတဲ့လူကလည်း တောင်းတယ်။ ဒါပမယ့် ဘယ်တော့မှ မပြီးပါဘူး။ နောက်ဆုံး ထောင်ကျတာပဲ” ဟု ၎င်းက ပြောသည်။
တာချီလိတ်မြို့နယ်အတွင်း မြို့မရဲစခန်း၊ ဟောင်လိတ်ရဲစခန်း၊ ဝမ်ပုံရဲစခန်းနှင့် ကျိုက်လတ်ရဲစခန်းဟူ၍ နယ်မြေအလိုက် ရဲစခန်း ၄ ခုရှိပြီး မူးယစ်ဆေးဝါးမှုမှာ အများဆုံးဖြစ်သည်။
လာဘ်ငွေရရှိမှု များပြားသည့်အတွက် တရားသူကြီးများသည် တာချီလိတ်သို့ ပြောင်းရွှေ့လာလိုကြပြီး၊ တရားရုံးပြောင်းမိန့်ရရှိရန် အထက်တရားရုံးများကို ကျပ်သိန်းထောင်ချီ ပေးဆောင်ကာ ပြောင်းရွှေ့ကြရခြင်းဖြစ်ကြောင်း မဲခေါင်သတင်းဌာနက စုံစမ်းသိရှိရသည်။
#MeKongNews
#ခရိုင်တရားရုံး
#တာချီလိတ်
#မူးယစ်ဆေးဝါး
#ရှမ်းအရှေ့








