မဲခေါင်၊ ဇန်နဝါရီ ၄
ရှမ်းပြည်တောင်ပိုင်း၊ လင်းခေးမြို့နယ်၊ နားကုန်း ပြည်သူ့စစ် ခေါင်းဆောင် စိုင်းရွှေပွင့်၏ သားဖြစ်သူ စိုင်းဖက ဒေသခံ ရွာသားများကို အဓမ္မ စစ်သား စုဆောင်းပြီး မလိုက်နိုင်သူများကို တစ်နှစ်စာ ကျပ်၂၅သိန်း တောင်းကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
စိုင်းဖသည် ရပ်ရွာ လုံခြုံရေးအတွက် ဟုဆိုကာ ဒေသခံ လူငယ်များကို စည်းရုံးပြီး စစ်သင်တန်း တက်ခိုင်းသော်လည်း အမှန်တကယ်တွင် လူငယ်များကို ၎င်း၏ ကိုယ်ကျိုးအတွက်သာ အသုံးချပြီး တိုင်းမှူး ခရီးစဉ်တွင်လည်း လုံခြုံရေး ယူပေးရကြောင်း ဒေသခံများက ပြောသည်။
“မိုးနဲ ၊မောက်မယ်၊ တာဆွတ်တိန်း ဝန်းကျင် မြို့နယ်တွေအထိ သူတို့ကို လုံခြုံရေး ကူပေးရတယ်။ ကျေးရွာအတွက်ပဲ ဆိုပြီး တိုင်းမှူးတွေ လာရင် ဒီလို ခရီးစဉ်တွေပါ လိုက်ရတော့ လူငယ်တွေအတွက် အခက်ခဲ ဖြစ်နေတယ်။ သူ့နေရာ ရဖို့ လူငယ်ကို အသုံးချပြီး တိုင်းမှူးကို ကပ်နေတာ”ဟု သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သို့ ပြောသည်။
တိုင်းမှူးခရီးစဉ် လိုက်သွားရသော အချိန်တွင်လည်း လူငယ်များက မိမိလုံခြုံရေးကို စိုးရိမ်ပူပန်မှုလည်း ရှိကြောင်း ၎င်းက ဆိုသည်။
“စိုင်းဖက ကြားနေဝါဒ ကျင့်သုံးသလို လုပ်နေတာ၊ တပ်မတော်နဲ့ RCSS နဲ့က အဆင်ပြေနေတော့ သိပ်မစိုးရိမ်ရပေမဲ့ ခရီးတွေ လိုက်သွားချိန် ကျန်တဲ့အဖွဲ့ ခြုံခို တိုက်ခိုက်မှာ ကြောက်ရတယ်”ဟု ၎င်းက ဆက်ပြောသည်။
နားကုန်း ပြည်သူ့စစ်က လူငယ်များကို စစ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းသည့် အပြင် ဒေသတွင်း စစ်အသုံးစရိတ်အတွက် ဟုဆိုကာ တစ်အိမ်ထောင် ၄ သောင်းကျပ်လည်း ကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။
ထို့ပြင် စိုင်းဖသည် နားကုန်းဒေသ၌ သစ်ကွင်းများကို စစ်ကောင်စီတပ်နှင့် နားရိုင်း ပြည်သူ့စစ်တို့ကို လက်ညိုးထိုး ရောင်းချပြီး ကျွန်း၊ ပိတောက် စသည့် သစ်များကိုလည်း ခိုးထုတ်လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။
နားကုန်းပြည်သူ့စစ် စိုင်းဖအဖွဲ့သည် လက်ရှိတွင် အင်အား ၃၀၀ ရှိပြီး လင်းခေးမြို့နယ် တစ်ဝိုက်တွင် လှုပ်ရှားနေကြောင်း သိရသည်။
#MeKongNews
#နားကုန်းပြည်သူ့စစ်
#အဓမ္မ
#စစ်သားစုဆောင်း
#လင်းခေး








