မဲခေါင် ၊ ဒီဇင်ဘာ ၂၇
စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးလိုက်သည့် လီဆူ တိုင်းရင်းသားများ နေထိုင်သော တောင်စိန်ကျေးရွာအား ယနေ့အထိ ပြန်လည် တည်ထောင်ခွင့် မရသေးကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ညောင်ရွှေမြို့နယ်၊ ဘန်းပြင်ကျေးရွာအုပ်စု၊ တောင်းစိန်ကျေးရွာကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီတွင် PNO က သစ္စာဖောက်များ၏ ကျေးရွာဟု စွပ်စွဲကာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
လီဆူ တိုင်းရင်းသားများသာ နေထိုင်သည့် အိမ်ခြေ ၃၀ ခန့်သာရှိသော ယင်းကျေးရွာသည် ပြောင်းစိုက်ခြင်းနှင့် ဆန်အရက် ချက်ခြင်းဖြင့်သာ အသက်မွေးဝမ်းကြောင်း ပြုနေသည့် ရွာဖြစ်သည်။
“တချိုက ရွာကို ပြန်တည်ထောင်ချင်တယ်၊ PNO တွေက ခွင့်မပြုဘူး။ ရွာထဲမှာ အကောင်းတိုင်း ကျန်တာဆိုလို့ စာသင်ကျောင်းပဲ ရှိတော့တယ်။ ကျန်တဲ့အိမ်တွေကို သူတို့ အကုန်လုံးမီးရှို့ကုန်တယ်၊ ပစ္စည်းတွေလည်း PNO တွေ အကုန်လုံးယူသွားတယ်။ ကျနော်တို့ရွာကို သစ္စာဖောက်ရွာတဲ့ PDF တွေကို ကူမတိုက်လို့တဲ့ ကျွန်တော်တို့က လူနည်းစုလေးပါဗျာ။ PDF တွေနဲ့လည်း အဆက်အသွယ်မရှိဘူး။ ရွာမှာက ပညာတတ်တွေလည်း မရှိဘူး။ ပြောင်းစိုက်၊ ဝက်မွေး၊ ဆန်အရက် ချက်ရောင်းတာပဲ သိတဲ့သူတွေပါ”ဟု တောင်စိန် ဒေသခံတစ်ဦးက ပြောသည်။
ယင်းကျေးရွာသည် တိုက်ပွဲ ဖြစ်ပွားဖူးသည့် နေရာလည်း မဟုတ်သကဲ့သို့ တိုက်ပွဲဧရိယာအတွင်းရှိ ကျေးရွာလည်း မဟုတ်ပေ။
သို့သော် PNO ကောက်ခံသည့် ဆက်ကြေးများကို အပြည့်အဝ မထည့်နိုင်သဖြင့် ရွာဖျက်ဆီးခံရခြင်း ဖြစ်ကြောင်း နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။
“ရွာကဆင်းရဲတော့ သူတို့ အခွန်ကောက်တာကို တစ်ခါတလေမှာ အပြည့်မထည့်နိုင်တာ ရှိတယ်။ အဲ့ဒါကို အငြိုးဖွဲ့ပြီး သစ္စာဖောက်တယ်တို့ PDF ကို အားပေးတယ်တို့ စွပ်စွဲပြီး ဖျက်ဆီးလိုက်တာလေ။ ရှမ်းရွာ၊ ပအိုဝ်းရွာ တွေဆို ရွာပျက်တဲ့အထိ သူတို့မလုပ်ရဲဘူး။ အခုက လီဆူရွာဆိုတော့ သူတို့ကို ပြန်မလှန်နိုင်မှန်း သိတော့ ဖျက်ဆီးလိုက်တာ နေမှာပေါ့”ဟု အခြား ဒေသခံတစ်ဦးကလည်း ဆိုသည်။
တောင်စိန်ကျေးရွာသည် ဆင်းရဲနွမ်းပါးသည့် ရွာဖြစ်သည့်အပြင် ပညာတတ် ဘွဲ့ရလည်းတစ်ဦးမှ မရှိကြောင်း PNO စွပ်စွဲသကဲ့သို့ တော်လှန်ရေးတွင် ပါဝင်နေသူလည်း တစ်ဦးမှ မရှိသည့်အပြင် တစ်ရွာလုံး ဝက်မွေး၊ ပြောင်းစိုက်၊ အရက်ချက်ခြင်းသာ လုပ်တတ်သူများ ဖြစ်ကြောင်း ၎င်းက ပြောသည်။
PNO က ယင်းကျေးရွာကို ဖျက်ဆီးလိုက်သဖြင့် ဒေသခံ လီဆူ တိုင်းရင်းသားများသည် အခြားဒေသရှိ လီဆူ ကျေးရွာများ၊ တောင်ကြီးနှင့် ဖယ်ခုံဘက်သို့ တကွဲတပြားစီ ထွက်ပြေး ခိုလှုံခဲ့ရသည်မှာ ယနေ့ထိတိုင်ဖြစ် သည်။
#MeKongNews
#PNO
#ရွာလုံးကျွတ်
#မီးရှို့
#လီဆူ








