မဲခေါင်၊ ဒီဇင်ဘာ ၂၄
တနင်္လာနေ့က ကားဗုံးကွဲမှု တစ်ခုကြောင့် ရုရှားဒုတိယဗိုလ်ချုပ်ကြီး ဖာနေးလ်ဆာဗာရော့ဗ် သေဆုံးသွားခဲ့သော မော်စကိုတောင်ပိုင်းတွင် ပေါက်ကွဲသံ အများအပြား ကြားခဲ့ရကြောင်း Baza နှင့် SHOT ရုရှား တယ်လီဂရမ်ချန် နယ်များက ဖော်ပြကြသည်။
ကားတစ်စီးဖောက်ခွဲခံခဲ့ရသည်ဟု မျက်မြင်သက်သေများက ပြောကြောင်း ရုရှား လုံခြုံရေးဌာနများနှင့် နီးစပ်သော တယ်လီဂရမ်ချန်နယ် ၂ ခုက ပြောသည်။
ရဲစခန်းတစ်ခုအနီးတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများတွင် အနည်းဆုံး လူ ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု Baza ၊ SHOT နှင့် အခြား တရားဝင် မဟုတ်သော ရုရှား တယ်လီဂရမ်များက ဖော်ပြကြသည်။
ယင်းသတင်းများနှင့်ပတ်သက်၍ ရိုက်တာသတင်းဌာနက လွတ်လပ်စွာ စိစစ်အတည်ပြုနိုင်ခြင်း မရှိသလို ရုရှားအာဏာပိုင်များ ထံမှလည်း တရားဝင် အတည်ပြုခြင်း မရှိသေးကြောင်း သိရသည်။
ယင်းမတိုင်မီ မော်စကိုတောင်ပိုင်း ကားရပ်နားရာနေရာမှ ထွက်ခွာစဉ် ၎င်း၏ Kia Sorento ကားအောက်တွင် ထောင်ထားသော ဗုံးပေါက်ကွဲပြီး ဒုတိယဗိုလ်ချုပ်ကြီး ဆာဗာရော့ဗ် သေဆုံးခဲ့ကာ ယူကရိန်း ထောက်လှမ်းရေးအဖွဲ့ ပါဝင် ပတ်သက်နိုင်ခြေကိုလည်း စုံစမ်းနေကြောင်း ရုရှား စုံစမ်းစစ်ဆေးရေးမှူးများက ပြောသည်။
ယူကရိန်းပဋိပက္ခ စတင်ခဲ့ပြီး နောက်ပိုင်းတွင် ရုရှားစစ်ဘက် အရာရှိများနှင့် စစ်ပွဲကို ထောက်ခံသော ထင်ရှားသူ အများအပြား သတ်ဖြတ်ခံခဲ့ရပြီး ကားဗုံးခွဲမှုများတွင် သေဆုံးခဲ့သူများလည်း ရှိသည်။
ယင်းတိုက်ခိုက်မှု အချို့မှာ ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ယူကရိန်း စစ်ထောက်လှမ်းရေးအဖွဲ့က ပြောထားသည်။
အေးကျော်
Ref: Reuters
#ရုရှားဗိုလ်ချုပ်ကြီး
#သေဆုံး
#မော်စကို
#ပေါက်ကွဲမှု








