မဲခေါင်၊ ဒီဇင်ဘာ ၂၂
ယူကရိန်းတို့၏ ဒရုန်း တိုက်ခိုက်မှုကြောင့် ရုရှားနိုင်ငံ၏ ခရက်စ်နို ရေယာဉ် ၂ စီးနှင့် ဆိပ်ခံဗော ၂ ခု ပျက်စီးသွားခဲ့ပြီး ကျေးရွာတစ်ရွာ၌ မီးလောင်ခဲ့သည်ဟု ဒေသဆိုင်ရာ အာဏာပိုင်များက ယနေ့ ပြောကြားသည်။
ပင်လယ်နက်ဒေသ ဗောလ်နာဆိပ်ကမ်း သင်္ဘောပေါ်မှ လူအားလုံးကို ဘေးကင်းရာသို့ ကယ်ထုတ်ခဲ့ကြောင်း ခရက်စ်နိုဒါဒေသ အုပ်ချုပ်ရေးရုံးချုပ်က တယ်လီဂရမ်ပို့စ်တွင် ပြောကြားသည်။
ယင်းသင်္ဘောများ ထိခိုက်ပျက်စီးမှုမှ စတုရန်းမီတာ ၁၅၀၀ ပတ်လည်တွင် မီးလောင်ကျွမ်းမှု ကူးစက်ခဲ့ပြီး မြန်မာစံတော်ချိန် ယနေ့နံနက် ၆ နာရီခွဲအထိ မီးမငြိမ်းသေးကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
ယူကရိန်းက မကြာခဏဆိုသလို ဒရုန်းများဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကာ ရေနံချက်စက်ရုံများ၊ ရေနံလှောင်ကန်များ၊ ဆိပ်ကမ်းများ၊ လေယာဉ်ကွင်းများကို ပစ်မှတ်ထားခဲ့သည်။
ပင်လယ်နက် ဒေသသည် ရုရှား၏စွမ်းအင် နိုင်ငံခြားတင်ပို့မှုနှင့် စစ်တပ်အတွက် ထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်းတွင် အရေးပါသည့် နေရာဖြစ်သည်။
ရုရှားက ယူကရိန်းထံမှ သိမ်းယူထားသည့် ခရိုင်းမီးယားဒေသနှင့် ကပ်လျက် ရှိသောကြောင့်လည်း ယူကရိန်းတောင်ပိုင်းမှ ဒရုန်းများ လက်လှမ်းမီသော နေရာလည်း ဖြစ်သည်။
ဗော်လ်နာကျေးရွာသည် ကာ့ချ်ပင်လယ်ကွေ့ ပေါ်တွင် တည်ဆောက်ထားသော ခရိုင်းမီးယားတံတား အနီးတွင် တည်ရှိသည်။
၂၀၁၄ ခုနှစ်တွင် ယူကရိန်းထံမှ ရုရှားက သိမ်းယူထားသော ခရိုင်းမီးယားကျွန်းဆွယ်အား ရုရှားပြည်မကြီးနှင့် ဆက်သွယ်ပေးသော တံတားသည် ရုရှားတပ်ဖွဲ့များ အတွက် အသက်သွေးကြောလည်း ဖြစ်သည်။
ပြီးခဲ့သည့် ၂ ရက်ကပင် ရုရှားက ယူကရိန်း၏ အိုဒက်ဆာဆိပ်ကမ်းအား အကြီးအကျယ် တိုက်ခိုက်ခဲ့ကာ ရုရှားက မိမိတို့အား ပင်လယ်ထွက်ပေါက် ပိတ်သွားအောင်လုပ်ဆောင်နေကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောကြားခဲ့သည်။
အေးကျော်
Ref: Reuters
#MeKongNews
#ယူကရိန်းဒရုန်း
#တိုက်ခိုက်
#ရုရှားသင်္ဘော
#မီးလောင်








