မဲခေါင်၊ ဒီဇင်ဘာ ၂၂
သက်တမ်းကြာနေပြီ ဖြစ်သော ချားလ်စ်ဒီဂေါလ် လေယာဥ်တင် သင်္ဘောကြီး၏ နေရာတွင် ပိုသစ်လွင်ပြီး ပိုကြီးမား၊ ခေတ်မီသော လေယာဥ်တင် သင်္ဘောတစ်စီးဖြင့် အစားထိုးသွားမည် ဖြစ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က အတည်ပြု ပြောကြားသည်။
Porte-Avions Nouvelle Génération – PANG ဟု အများသိကြသော လေယာဥ်တင်သင်္ဘော တည်ဆောက်ရေး အစီအစဥ်က ယူရို ၁၀ ဒသမ ၂၅ ဘီလီယံခန့် ကုန်ကျမည်ဟု ခန့်မှန်းကြသည်။
ယင်းသင်္ဘောအသစ်ကို ၂၀၃၈ ခုနှစ်တွင် စတင် အသုံးပြုမည် ဖြစ်ကာ ထိုနှစ်မှာပင် လက်ရှိ ချားလ်စ်ဒီဂေါလ် လေယာဥ်တင် သင်္ဘောကြီးကို အနားပေးမည် ဖြစ်ကြောင်း ပြင်သစ်အစိုးရက ပြောသည်။
နျူကလီးယား တွန်းအားပေး အစိတ်အပိုင်းများကို ပြီးခဲ့သည့်နှစ်ကပင် စတင် တည်ဆောက်နေပြီ ဖြစ်ကာ နောက်ဆုံးပစ္စည်း မှာယူမှု ဘတ်ဂျက်ကို ၂၀၂၅ ဘတ်ဂျက်ထဲ ထည့်သွင်းရမည်ဖြစ်သည်။
ပြင်သစ်တို့၏ PANG စီမံကိန်းမှ ပေါ်ထွက်လာမည့် သင်္ဘောသည် ဥရောပက တည်ဆောက်ခဲ့သမျှထဲတွင် အကြီး ဆုံး စစ်သင်္ဘောကြီး ဖြစ်လာမည်ဖြစ်ကာ ပြင်သစ်နိုင်ငံ၏ နျူကလီးယား အဟန့်အတားတွင် အဓိကနေရာမှ ပါဝင်လာမည်ဖြစ်သလို ဥရောပ၏ လုံခြုံရေးအား ကူညီထောက်ပံ့ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တွန့်ဆုတ်မှုနှင့် ယူကရိန်းစစ်ပွဲ ဖြစ်ပေါ်နေစဉ် ဥရောပ၏ ကာကွယ်ရေးတိုးမြှင့်ရန် ကြိုးပမ်းမှုကိုလည်း အထောက်အကူ ပေးမည်ဖြစ်သည်။
ကမ္ဘာ့ရေနံများ စီးဆင်းရာတွင် အဓိကနေရာဖြစ်သော ဟောမုဇ် ရေလက်ကြားအနီး ယူအေအီးနိုင်ငံ အဘူဒါဘီဒေသရှိ ပြင်သစ် စစ်စခန်းတစ်ခုမှ တပ်ဖွဲများအား မိန့်ခွန်း ပြောကြားစဉ် မက်ခရွန်က အထက် ပါအကြောင်းအရာကို ထုတ်ပြန်ခဲ့ပြီး လေယာဉ်တင် သင်္ဘောသစ်တည် ဆောက်ရေးစီမံကိန်းဆုံး ဖြတ်ချက်ကို ယခု သီတင်းပတ်အတွင်း ဆုံးဖြတ်ခဲ့သည်ဟု ပြောသည်။
အီးယူအဖွဲ့တွင် တစ်ခုတည်းသော နျူကလီးယား အင်အားကြီးနိုင်ငံ ဖြစ်သော ပြင်သစ်အပြင် ဗြိတိန် ၊အီတလီနှင့် စပိန်တို့ကလည်း လေယာဉ်တင် သင်္ဘောတစ်စီးစီ ပိုင်ဆိုင်ကြသည်။
အမေရိကန်က လေယာဉ်တင်သင်္ဘော ၁၁ စီးပိုင်ဆိုင်ပြီး တရုတ်က ၃ စီး ပိုင်ဆိုင်ထားကြောင်း သိရသည်။
တရုတ်က လေယာဉ်များပျံတက်ရန် လျှပ်စစ်သံလိုက် လောက်လွှဲစနစ်များ တည်ဆောက်ထားပြီဖြစ်ကြောင်းနှင့် ပြင်သစ်ကလည်း ယင်းစနစ်များကို ကိုယ်တိုင် တည်ဆောက်လျှင် တွက်ခြေမကိုက်သဖြင့် အချိန်ယူ တည်ဆောက်မည့် အစား အမေရိကန်ထံမှ ဝယ်ယူ အသုံးပြုသွားမည် ဖြစ်ကြောင်း ပြင်သစ်စစ်ဘက် အကြီးအကဲ ဖာဘီယံမန်ဒွန် က အောက်တိုဘာလတွင် ပြင်သစ် အထက်လွှတ်တော်အား အသိပေး ပြောကြားခဲ့သည်။
အေးကျော်
Ref: Reuters
#MeKongNews
#ဥရောပ
#လေယာဥ်တင်သင်္ဘော
#ပြင်သစ်
#တည်ဆောက်








