မဲခေါင်၊ ဒီဇင်ဘာ ၂၂
ထိုင်း – ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက်ရှိ ကမ္ဘောဒီးယားတပ်ဖွဲ့များ ယခင်က အခြေစိုက်ခဲ့သော နေရာများတွင် မြေမြှုပ်မိုင်း ထောင်ထားသည့် မြေပုံအသေးစိတ်များနှင့် လူလုပ် မြေမြှုပ်မိုင်း သိုလှောင်ရုံများကို တွေ့ရှိခဲ့ကြောင်း ထိုင်းရေတပ်က ပြောကြားခဲ့ပြီး၊ ယင်းလုပ်ရပ်သည် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။
ယမန်နေ့က ထိုင်းရေတပ် ထုတ်ပြန်ချက်တွင် ချမ်ဌာဘူရီပြည်နယ်ရှိ၊ ဘန်နွန်ရီးနှင့် ဘန်ထာဆန် ကျေးရွာများတွင် စစ်ဆေးရာ လူသတ် မြေမြှုပ်မိုင်းများကို အသုံးပြုရန် ရည်ရွယ်ချက်ရှိရှိ စီစဉ်ထားသည့် အထောက်အထားများကို တွေ့ရှိခဲ့ကြောင်း ရေတပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီးပါရတ်ရတ်တနာချိုင်ယာဖန်က ပြောကြားခဲ့သည်။
ယင်းသည် မြေမြှုပ်မိုင်းများ အသုံးပြုခြင်း၊ သိုလှောင်ခြင်းနှင့် ချထားခြင်းတို့ကို ပိတ်ပင်ထားသည့် အော့ တဝါ သဘောတူစာချုပ်ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယင်းနေရာများကို ကမ္ဘောဒီးယား စစ်အခြေစိုက် စခန်းများအဖြစ် အသုံးပြုခဲ့ပြီး အရပ်သား အသိုင်းအဝိုင်းများ အတွင်း သို့မဟုတ် အနီးအနားတွင် တည်ရှိနေသောကြောင့် စစ်သားများသာမက ဒေသခံ ပြည်သူများအတွက်ပါ ရောပြီး အန္တရာယ်များကို ဖြစ်ပေါ်စေကြောင်း ထိုင်းရေတပ်က ပြောသည်။
ထို့ပြင် ယင်းဒေသတွင် မြေမြှုပ်မိုင်းကြောင့် ထိုင်းစစ်သား ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း သတင်းထုတ် ပြန်ခဲ့သည်။
ယင်းအပေါ် နိုင်ငံတော်အဆင့်တွင် ဆက်လက် ဆောင်ရွက်နိုင်ရန် အထောက်အထားများကို စုဆောင်းလျက်ရှိပြီး၊ နိုင်ငံတကာ အသိုက်အဝန်းနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ အကြောင်းကြားသွားမည် ဖြစ်ကြောင်းနှင့် အမျိုးသား အချုပ်အခြာအာဏာနှင့် ပြည်သူ့ ဘေးကင်းလုံခြုံရေးကို ကာကွယ်မည်ဟု ထိုင်းရေတပ်က ထပ်မံ ကတိပြုခဲ့သည်။
#MeKongNews
#ကမ္ဘောဒီးယား
#နယ်စပ်
#အခြေစိုက်
#မြေမြှုပ်မိုင်း








