မဲခေါင်၊ ဒီဇင်ဘာ ၂၁
နှစ်စဉ် နှစ်ကုန်ချိန်ရောက်တိုင်း ဖုန်းဆက်သွယ် မေးမြန်းမှုများအား သမ္မတတစ်ဦးအနေဖြင့် ဖြေကြားလေ့ရှိသော ပူတင်၏ ၂၀၂၅ နှစ်ကုန် အမေးအဖြေကဏ္ဍ၌ နောက်ခံထားရှိသည့် ရုရှားမြေပုံတွင် ယူကရိန်းနိုင်ငံ အရှေ့ဘက် စင်္ကြံတစ်လျှောက်လုံး ပါဝင်နေသည်ကို တွေ့ရသည်။
ယင်းနယ်မြေများထဲ ဒွန်ဘက်စ်ဒေသ၊ ဇာပိုရစ်ဇီဟီယာ၊ ခါဆွန်နှင့် ယခင် သိမ်းပြီးသား ခရိုင်းမီးယားနယ်များ အား လုံးပါဝင်နေကာ လက်ရှိအထိ ထိုဒေသများအားလုံးကို သိမ်းပိုက် ထိန်းချုပ်နိုင်ခြင်း မရှိသေးသည့် အခြေအနေမှာပင် ထိုဒေသများသည် ရုရှားပိုင်ဖြစ်သည်ဟု ပူတင် စိတ်ပိုင်းဖြတ်ထားပြီး အရတိုက်ယူသွားမည် ဖြစ်သောကြောင့် ဒေါ်နယ်ထရမ့် တင်ပြသော ငြိမ်းချမ်းရေးအဆိုကို လက်မခံသေးခြင်း ဖြစ်မည်ဟု စစ်ရေးသုတေသီများက သုံးသပ်နေကြသည်။
ယူကရိန်းသမ္မတ ဇီလန်းစကီးက ၎င်းကိုယ်တိုင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ယူကရိန်းနယ်မြေများကို ရုရှားထံလွှဲပေးပိုင်ခွင့် လုံး၀မရှိကြောင်း၊ ဒေါ်နယ်ထရမ့် တင်ပြသည့် ငြိမ်းချမ်းရေး အဆိုသည်ပင်လျှင် နယ်မြေများ လက်လွှတ်ပေးရမည့် အချက်များပါဝင်နေသည်က မဖြစ်နိုင်သော အခြေအနေဟု ဖြေရှင်း ပြောကြားခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် ယခု ၅ နာရီကြာ အမေးအဖြေကဏ္ဍ၌ ပူတင်ဖြေကြားရာတွင် ယခင် ဆိုနေကြအတိုင်း စစ်ပွဲကို ၎င်းစခဲ့ခြင်းမဟုတ်သဖြင့် လူပေါင်းများစွာ သေဆုံးခြင်းက ၎င်း၏ တာဝန်မဟုတ်ဟု ထပ်ပြောသွားသလို နှစ်မကူးမီ နယ် မြေများစွာ ထပ်တိုးသိမ်းပိုက် အောင်ပွဲခံနိုင်မည်ဟုပါ ပြောသွားခဲ့သည်။
ယင်းပြောစကားများကြောင့် ပူတင်၏ မဖြစ်မနေ အရယူမည့် ရည်မှန်းချက်သည် ယူကရိန်း အရှေ့ပိုင်းစင်္ကြံ တစ်ခုလုံးအား ရုရှားမြေပုံထဲ သွတ်သွင်းရေး ဖြစ်သည်ဟု တွက်ချက် သိရှိရပြီဖြစ်သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ပူတင်
#ရုရှားမြေပုံ
#ယူကရိန်းအရှေ့ပိုင်း
#ထည့်သွင်း








