မဲခေါင်၊ ဒီဇင်ဘာ ၁၉
Brown University မှ လူအများအပြားကို သတ်ဖြတ်မှုနှင့် မက်ဆာချူးဆက် နည်းပညာတက္ကသိုလ် – MIT မှ ပါမောက္ခတစ်ဦးတို့အား သတ်ဖြတ်မှုမှ သံသယရှိသူအား အမေရိကန်နိုင်ငံ၌ နေထိုင်ခွင့် ရရှိစေခဲ့သည့် အစိမ်းရောင်ကတ် ကံစမ်းအစီအစဉ်ကို ဆိုင်းငံ့ထားရန် သမ္မတထရမ့်က အမိန့် ထုတ်ပြန်လိုက်သည်ဟု ပြည်ထဲရေးဝန်ကြီး ခရစ္စတီ နိုအမ်က ပြောသည်။
၎င်း၏ ကြေညာချက်မှာ တရားစွဲဆိုမှုများ ဖြစ်ပေါ်လာစေခဲ့သည့် ကျယ်ပြန့်သော နှိမ်နင်းမှုများ ဖြစ်ပေါ်နေချိန်အတွင်း တရားဝင် ရွှေ့ပြောင်းနေထိုင်မှုကို ကန့်သတ်ရန် ထရမ့်အစိုးရထံမှ အသစ် ထွက်ပေါ်လာသည့် ကြိုးပမ်းမှု ဖြစ်သည်။
ပစ်ခတ်မှုများမှ သံသယရှိသူကို သေဆုံးလျက် တွေ့ရှိခဲ့ရကြောင်းနှင့် ၎င်းပေါ်တူဂီနိုင်ငံသားသည် ၂၀၀၀ ပြည့်လွန်နှစ်များက Brown တက္ကသိုလ်တွင် တက်ရောက်ခဲ့သူ ဖြစ်ကာ ၂၀၁၇ ခုနှစ်တွင် လူမျိုးစုံ ရွှေ့ပြောင်းနေထိုင်မှု ဗီဇာမဲအစီအစဉ် – DV1 ဖြင့် အမြဲတမ်းနေထိုင်ခွင့် အစိမ်းရောင်ကတ် ရရှိခဲ့သူဖြစ်ကြောင်း ယမန်နေ့ညတွင် တာဝန်ရှိသူများက ကြေညာခဲ့သည်။
အန္တရာယ်များသော အစီအစဉ်ကြောင့် အမေရိကန် နိုင်ငံသားများ ထပ်မံထိခိုက်မှု မရှိစေရန် ၎င်းအစီအစဉ်ကို ရပ်တန့်ထားရေး အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာန – USCIS ကို မဆိုင်းမတွ ညွန်ကြားသွားရန် ထရမ့်က ၎င်းကို ပြောကြားခဲ့သည်ဟု ဝန်ကြီးနိုအမ်က X လူမှုကွန်ရက်တွင် ရေးသားသည်။
“ဒီလို ကောက်ကျစ် ယုတ်မာတဲ့လူမျိုးကို အမေရိကန်နိုင်ငံထဲကို ဝင်ခွင့် မပြုခဲ့သင့်ပါဘူး” ဟု မသင်္ကာသူ ကလော်ဒီယို မန်နျူရယ်နီဗက်စ်ဗလင်တီနှင့် ပတ်သက်၍ ၎င်းက ဆိုသည်။
DV အစီအစဉ်အရ ရွှေ့ပြောင်းနေထိုင်မှု နည်းပါးသော နိုင်ငံများမှ လူများကို တစ်နှစ်လျှင် ရွှေ့ပြောင်း နေထိုင်မှုဗီဇာ ၅ သောင်းခွဲအထိ ထုတ်ပေးနေကြောင်း သိရသည်။
DV1 အစီအစဉ်ကို အဆုံးသတ်ပစ်ရန် ဒေါ်နယ်ထရမ့်က ၎င်း၏ ပထမသက်တမ်းတွင်လည်း လွှတ်တော်ကို တိုက်တွန်းခဲ့ဖူးသည်။
အေးကျော်
Ref: axios.com
#MeKongNews
#ပစ်ခတ်မှု
#DV
#ဒေါ်နယ်ထရမ့်
#ရပ်ဆိုင်း








