မဲခေါင်၊ ဒီဇင်ဘာ ၁၉
ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့၊ ၁၈ အိမ် အနီးတွင် ကျောက်မီးသွေးတင်ကားက ဆိုင်ကယ်တစ်စီးကို တိုက်မိပြီး ဆိုင်ကယ်သမား သေဆုံးကာ ကားက မောင်းပြေးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းမှာ ယမန်နေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်စီးသူ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။
“ဆိုင်ကယ်ကလည်း လဲချားဘက်ကနေ လာတယ်၊ ကားကြီးလည်း လဲချားဘက်က လာတာ။ ၁၈ အိမ်နားမှာ ကားက ကျော်တက်ဖို့လုပ်တော့ ဆိုင်ကယ်ကို တိုက်မိတာ။ ကားက လုံးဝ ဆင်းမကြည့်ဘူး မောင်းပြေးသွားတယ်”ဟု မျက်မြင် ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
သေဆုံးသူမှာ ပင်လုံမြို့နေ အသက် ၄၀ အရွယ်အမျိုးသားဖြစ်ပြီး ပင်လုံမြို့ရှိ မြတ်နှလုံးသား လူမှုကူညီရေးအသင်းက လာရောက် ကူညီပြီး ပင်လုံဆေးရုံသို့ ပို့ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။
ပင်လုံမြို့ထဲတွင် ကျောက်မီးသွေးတင်ကား၊ ကုန်ကားကြီးများသည် မြို့တွင်းလည်း အရှိန်မလျှော့ဘဲ ကြမ်းကြမ်းတမ်းတမ်း မောင်းနှင်နေခြင်းကြောင့် မြို့ခံများ အန္တရာယ်ဖြစ်မည်ကို စိုးရိမ်ရကြောင်း သတင်းရင်းမြစ်များက ပြောသည်။
ထို့ပြင် ကျောက်မီးသွေးတင်ကားများသည် အရှိန်မလျှော့ဘဲ မောင်းနှင်နေခြင်းကြောင့် လမ်းပေါ် ကျောက်မီးသွေးကျပြီး ပြန့်ကျဲနေသဖြင့် ဆိုင်ကယ်နှင့် ကားငယ်များအတွက် အန္တရာယ်ဖြစ်နေကြောင်း မြို့ခံများက ပြောသည်။
#MeKongNews
#ပင်လုံ
#ကျောက်မီးသွေးကား
#ဆိုင်ကယ်တိုက်
#သေဆုံး
#ကားမောင်းပြေး








